Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

လေဘေးဒုက္ခသည်များကို မြို့နယ်အချို့သို့ ပို့ဆောင်နေ
မြို့ခံလူထုက ဒုက္ခသည်များကို စုပေါင်းကျွေးမွေးနေရ
 

ဖြိုးကြီး။ မေ ၈၊ ၂၀၀၈ 

ဧရာဝတီတိုင်းအတွင်းရှိ နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရသည့် ကျေးရွာနှင့် မြို့နယ်များမှ အိုးအိမ်မဲ့ ဒုက္ခသည်များကို အဆိုပါတိုင်းအတွင်းရှိ မြို့နယ်အချို့သို့ ယနေ့ အသုတ်လိုက်ခွဲကာ ပေးပို့နေ သည်။ 

လူသိန်းနှင့်ချီကာသေဆုံးပြီး သိန်းချီအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့် ဘိုကလေး၊ လပွတ္တာ၊ မော်ကျွန်းနှင့် ဖျာပုံမြို့နယ်များမှ လေဘေးဒုက္ခသည်များကို ယနေ့မှစတင်ကာ အာဏာပိုင်များက ရေလမ်း ခရီးမှ ရွှေ့ပြောင်းနေခြင်းဖြစ်သည်။ 

မော်ကျွန်းနှင့် ဘိုကလေးမြို့နယ်မှ ဒုက္ခသည် ၄၂၀ ကို မြို့နယ်ကယ်ဆယ်ရေးက ပထမအသုတ် အဖြစ် မြို့နယ်သမအသင်းလီမီတက်သင်္ဘောဖြင့် ခေါ်ဆောင်လာရာ ယနေ့နံနက်တွင် ၀ါးခယ်မ မြို့သို့ ရောက်ရှိခဲ့ရာ မြို့ပေါ်ရှိ ဈေးရပ်ကွက် အမက၊ မင်းသားကြီး အထက၊ အထက(၁)၊ အထက (၂)၊ ဦးဘိုကြီးကျောင်းတို့တွင် ထားရှိပြီး ဒုက္ခသည် ၃၀၀၀ အထိ လက်ခံမည်ဟု ဆိုသည်။ 

ဒုက္ခသည်များကို ကူညီနေပုံနှင့်ပတ်သက်၍ မြို့ခံတဦးက “အာဏာပိုင်တွေကတော့ ဆန်အိတ်(၁၀၀၀)နဲ့ ဆီ (၄) ပီပါ ရောက်တယ်ပြောတယ်၊ လောလောဆယ် ဒေသခံတွေက ဘယ်သူ့ကိုမှ အကူညီမတောင်းသေဘူး၊ ဈေးသူဈေးသား၊ မြို့သူမြို့သား စေတနာရှင်တွေက စုပေါင်း ကျွေးထားတယ်။ ကြာဇံကြော်တို့ ဘာတို့ပေါ့”ဟု ပြောဆိုသည်။ 

ယင်းကဲ့သို့ ကျုံမငေးမြို့တွင်လည်း ဒုက္ခသည်များရောက်ရှိနေရာ အဆိုပါဒုက္ခသည်များကို သတ်မှတ်ထားသည့် ဒုက္ခသည်စာရင်းတွင် မပါဝင်ကြောင်းပြောဆိုပြီး လက်ခံထားသည့် အုန်းပင်ကျောင်းဘုန်းကြီးနှင့် (ရယက)အဖွဲ့ဝင်နှစ်ဦးကို မြို့နယ်(မယက)ဥက္ကဌက အပြစ်တင် ကာ ကြိမ်းမောင်းခဲ့သည်ဟု အဆိုပါဒေသခံက ဆက်လက်ပြောဆိုသည်။ 

“(မယက)ဥက္ကဌက ဒုက္ခသည်ကိစ္စကို သိပ်စိတ်မ၀င်စားဘူး၊ မဲရဖို့ပဲ လုပ်နေတာ၊ အဲမှာတော့ ဒေသခံတွေက လူထုအင်အားနဲ့  ဒုက္ခသည် ကိုးရာလောက်ကို ကျွေးမွေးနေတယ်၊ နောက်ပြီး မြို့ပေါ်ကဆွေမျိုးတွေဆီ စုံစမ်းပြီး ရောက်နေတဲ့သူတွေကတော့ စာရင်းမ၀င်သေးတာ (၃၀) ကျော် လောက်ရှိတယ်။” ဟုပြောဆိုသည်။ 

လပွတ္တာမြို့နယ်အတွင်းမှ ဒုက္ခသည်များကို မြောင်းမြမြို့တွင် လက်ခံထားပြီး အရေအတွက် မသိရသေးကြောင်းနှင့် လပွတ္တာမြို့နယ်မှ ရွာမြောက်များစွာ ပျက်စီးသွားပြီး လှိုင်းဘုန်း၊ ဘီတွတ်၊ ကိုင်းသောင်၊ ပြင်စလူ၊ လေယာဉ်ကွင်း၊ ဘုန်းကြီးသောင်ရွာများမှာ ရွာလုံးကျွတ် ပျက်စီးသွားသည်ဟု ဆိုသည်။ 

“ဘီတွတ်ရွာဆို အိမ်ခြေ (၅၀၀) ကျော်ရှိတယ်၊ ဖြစ်ပြီးလို့ သွားပြန်ကြည့်တော့ အိမ် (၃) လုံးပဲ ကျန်တော့တာ၊ ပြင်စလူမှာဆို စခန်းမှူး (၁) ယောက်ရယ်၊ ရဲသား (၄) ယောက်ရယ်နဲ့ ရွာသား(၄၀) လောက်ပဲ ကျန်တော့တယ်၊ မျောနေတဲ့အလောင်းတွေက မနေ့ကထိ ဘာမှ မလုပ်နိုင်သေး ဘူး”ဟု ဒုက္ခသည်ရွာသားတဦးက ဆိုသည်။ 

လူကိုးသောင်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့သည့် ဟိုင်းကြီးကျွန်းမြို့နယ်ခွဲမှ ဒုက္ခသည်များအား ချောသင်္ဘောများဖြင့် တင်ဆောင်ခဲ့ပြီးနောက် ပုသိမ်မြို့တွင်ထားရှိသည်ဟု ဆိုသည်။ 

ပုသိမ်မြို့သို့ရောက်စတွင် အထက (၃) တွင်ထားရှိပြီး ယမန်နေ့ညတွင် ကိုးသိန်းအားကစား ကွင်းတွင် ပြောင်းရွှေ့ခဲ့ကာ အဆိုပါလူများမှာ ဒဏ်ရာရှိသူများသာဖြစ်ပြီး ယနေ့ သင်္ဘောဖြင့် (၄၀) ဦး ထပ်မံရောက်ရှိလာသည်ဟု ပုသိမ်ဒေသခံတဦးက ပြောသည်။     

ပုသိမ်မြို့မှ ဆရာဝန်များကလည်း ဆေးဝါးများ ကိုယ်တိုင်ဝယ်ယူကာ ဟိုင်းကြီးကျွန်းသို့ သွားရောက်နေကြပြီး လတ်တလော ရောက်ရှိလာသူများနှင့် ပုသိမ်ဆေးရုံကြီးရှိ လူနာများအား ဒေသခံမြို့သူမြို့သားများက သွားရောက်ကျွေးမွေးနေကြ၍ မည်သူမဆိုအကူအညီပေးနိုင်ရန် ဆေးရုံကို ဖွင့်လှစ်ထားသည်ဟု အဆိုပါဒေသခံက ဆက်လက်ပြောဆိုသွားသည်။  

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com