|
ဒုက္ခသည်များကို မအူပင်မြို့သို့ ပို့ဆောင်နေ
ကလေးငယ်များကျန်းမာရေးအခြေနေ ဆိုးရွားလာ
ဖြိုးကြီး။ မေ ၁၃၊ ၂၀၀၈
ဘိုကလေးမြို့မှ လေဘေးဒုက္ခသည်များကို
မအူပင်မြို့သို့ ပို့ဆောင်နေလျှက်ရှိပြီး ကလေးငယ် များမှာ
ကျန်းမာရေးအခြေအနေဆိုးရွာနေလျှက်ရှိသည်။
လေဘေးဒုက္ခသည် (၅,၀၀၀)ကျော်ကို
သက်ဆိုင်ရာအာဏာပိုင်များက သင်္ဘောများဖြင့် ပို့ဆောင်နေခြင်းဖြစ်ကာ
လုံလောက်သည့် ဆေးဝါးများ၊ ရေများမရရှိမှုတို့ကြောင့် ကလေးငယ် များမှာ
ဝမ်းပျက်ဝမ်းလျှောဖြစ်နေပြီး ဖျားနာခြင်းများ
ဖြစ်ပွားနေခြင်းတို့ကြောင့် ဖြစ်သည်။
ဘိုကလေးမြို့မှ ဒုက္ခသည်များ
အခြေအနေနှင့်ပတ်သက်၍ “ဘိုကလေးရဲ့ နောက်ဆုံးအခြေအ နေကတော့ ကလေးတွေ
အပျင်းဖျားနေပြီ၊ ကုတ်ကပ်ပြီးတော့ နည်းနည်းလေးစားသောက်နေ တာ၊
ဆေးဝါးကလည်းမရှိတော့ ကျန်းမာရေးအခြေအနေကတော့
ဝမ်းပျက်ဝမ်းလျှောဖြစ်နေပြီ အချို့ကလေးငယ်တွေ အပျင်းဖျားလက္ခဏာတွေ
ပြနေပြီ” ဟု မြို့ခံတဦးက ပြောသည်။
မအူမင်မြို့ပေါ်သို့ရောက်ရှိလာသည့်
ဒုက္ခသည်များကို မြို့ခံအလှူရှင်များက ကျွေးမွေးနေရပြီး
ထမင်းတနပ်စာအတွက် (၁၃)သိန်း၊ (၆)သောင်းခန့်ကုန်ကျကာ အဖွဲ့ငါးဖွဲ့ခွဲ၍
ချက်ကျွေးနေရ ကြောင်းနှင့် နောက်ထပ်ရောက်ရှိလာသည့် လူဦးရေမှာ
တနေ့ထက်တနေ့ များပြားလာနေ ကြောင်း မအူပင်မြို့ခံက ပြောသည်။
“အလှူရှင်တွေသွားလှူနေတာကို
ကျွန်တော်တို့သိတဲ့ လူတွေရောဘာတွေရော၊ လူတွေကတော့
စာနာစိတ်အများကြီးရှိကြပါတယ်။ ထမင်းတနပ်ကို (၁၃)သိန်း၊ (၆)သောင်းလောက်
ဖြစ်သွားပြီ တဲ့ ပထမကျွန်တော်တို့ကို ပြောတုန်းကတော့ (၁၀)သိန်းပြောတယ်။
(၃)သိန်းက ဘာဖြစ်လို့ တတ်သွားတာလဲပြောတော့ နောက်ထပ်လူတွေက
ထပ်ထပ်ဝင်လာလို့ မူလရှိရင်းစွဲ ဒုက္ခသည် တွေထက်
ပိုများနေပြီလို့ပြောတယ်” ဟု အဆိုပါမြို့ခံက ပြောသည်။
ဘိုကလေးမြို့နယ် ပတ်ဝန်းကျင်ဒေသများမှာ
လူများ မြို့ပေါ်သို့ ဆက်လက်ရောက်ရှိလာနေကြ ပြီး ဒုက္ခသည်အချို့မှာ
မအူပင်မြို့သို့သွားလိုသည့် ဆန္ဒမရှိကြသည့်အတွက် ပုန်းအောင်းပြေး
လွှားမှုများရှိနေကာ ရဲနှင့်စစ်သားများက လိုက်လံဖမ်းဆီး၍
သင်္ဘောများပေါ်သို့ အတင်းအကြပ် တင်ဆောင်ခြင်းများ ပြုလုပ်နေလျှက်ရှိသည်ဟု
ဘိုကလေးမြို့ခံတဦးက ဆိုသည်။
“ဘိုးကလေးမှာက ဒုက္ခသည် (၃၀,၀၀၀)လောက်က
ရွေ့ပေးနေတယ်ဆိုပေမဲ့ အနေထားက တော့ နောက်ဆုံးမနေနိုင်ကြတော့ ဘိုကလေးကို
ထပ်ထပ်ဝင်လာကြတဲ့ လူတွေလဲရှိတယ်။ အဲ လို့ဖြစ်နေတယ်။
ဒုက္ခသည်အရေအတွက်ကတော့ လျှော့သွားတယ်လို့ မရှိဘူးပေါ့။ သူတို့ကလဲ
မော်တော်တွေနဲ့ မအူပင်ကို ပို့နေတာဘဲ” ဟုဆိုသည်။
ယနေ့အထိ ဘိုကလေးမြို့နယ်အတွင်း သေဆုံးသူ
(၁၆၀,၀၀၀)ရှိသည်ဟု ဆိုသော်လည်း နောက်ထပ်သေဆုံးမှုများ
ဆက်လက်ရှိနိုင်သေးကြောင်း အဆိုပါမြို့ခံက ဆက်လက်ပြောဆို လိုက်သည်။ |