Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

ဖမ်းဆီးခံ (NLD)လူငယ်များအတွက် စိုးရိမ်နေရ 

ဖြိုးကြီး။ မေ ၂၈၊ ၂၀၀၈ 

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် လမ်းလျှောက်ချီတက် ဆန္ဒပြတောင်းဆိုခဲ့ သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ လူငယ်များအတွက် စိုးရိမ်မှုများဖြစ်နေရပြီး အမြန်ဆုံး ပြန်လွှတ်ပေးသင့်သည်ဟု ပါတီဝင်လူငယ်တဦးက ပြောဆိုသည်။ 

ယမန်နေ့က အာဏာပိုင်များ ဖမ်းဆီးသွားခဲ့သည့် ပါတီဝင်များကို မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်ကို မသိရသေးသည့်အတွက် စိုးရိမ်နေကြောင်း ပါတီဝင်လူငယ်တဦးက ယနေ့ပြောဆိုလိုက်ခြင်း ဖြစ်သည်။ 

“ဖမ်းသွားတာက ဘယ်အဖွဲ့က ဖမ်းတယ်ဆိုတာ တိတိကျကျ မသိသေးဘူး၊ ဘယ်မှာချုပ်ထား တယ်၊ ဘာပုဒ်မတွေ တပ်ထားတယ်ဆိုတာကိုလည်း မသိသေးဘူး၊ ကလေးတယောက်လည်းပါ သွားတော့ စိုးရိမ်နေတယ်” ဟုပြောသည်။ 

ယမန်နေ့က ဖမ်းဆီးခံရသူ ၁၈ ဦးအနက် ၁၆ ဦးစာရင်းသာရှိပြီး ရွှေပြည်သာမြို့နယ်မှ မထက်ထက်ဦးဝေ၏ သမီးဖြစ်သူ (၁၂)နှစ်အရွယ် ကလေးတဦးပါ ပါဝင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။ 

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် တောင်းဆိုခြင်းသည် မြန်မာပြည်သူအားလုံး ၏ဆန္ဒဖြစ်သည့်အတွက် ယခုကဲ့သို့ ဖမ်းဆီးခြင်းမပြုသင့်ကြောင်း ပါတီဝင်အမျိုးသမီးတဦးက ပြောဆိုပြီး သူက “တိုင်းပြည်မှာ ဒုက္ခရောက်နေတဲ့သူတွေအားလုံးကို ကူညီရမဲ့ အချိန်ပါ၊ အခုလို ဖမ်းဆီးရမဲ့အချိန် မဟုတ်ပါဘူး”ဟု ပြောဆိုသည်။    

စစ်အစိုးရအနေဖြင့် သက်ဆိုင်ရာမိသားစုများအား မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို အကြောင်းကြားရမည်ဖြစ်ပြီး အထူးသဖြင့် အရွယ်မရောက်သေးသည့် ကလေးငယ်တဦးကို လုံးဝချုပ်နှောင်ထားရန်မသင့်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ 

ယမန်နေ့တွင် စစ်အစိုးရအနေဖြင့် ပုဒ်မ ၁၀ (ခ) ဖြင့် နေအိမ်အကျယ်ချုပ် သက်တမ်း (၅) နှစ် ပြည့်မြောက်ပြီးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်အား ဥပဒေအရပြန်လွှတ်ပေးရမည်ဖြစ်သော် လည်း အကျယ်ချုပ်သက်တမ်းအား နောက်ထပ်(၁) နှစ် ထပ်မံတိုးမြှင့်လိုက်သည်။ 

ယမန်နေ့က ဖမ်းဆီးခံခဲ့ရသည့် (NLD) ပါတီဝင်များနှင်ပတ်သက်၍ လူငယ်တဦးက “ကျနော်တို့ သိရသလောက်က ကျနော်တို့ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ကိုဘဲ တောင်းဆိုတာပါ၊ ကျန်တဲ့ဟာ ဘာကိုမှ တောင်းဆိုတာလည်း မရှိဘူး၊ ဆူဆူပူပူဖြစ်အောင် လုပ်တာလဲ မဟုတ်ဘူး” ဟု ပြောဆိုသွားခဲ့သည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com