Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

မုန်တိုင်းဒဏ်ခံရသည့်ဒေသမှ တပ်ရင်းများ ကြိုတင်မဲပေးနေရ
ထောက်ခံမဲ (၉၀) ရာခိုင်နှုန်းမရက ကော်မရှင်ကိုအရေးယူမည် 

ရိုးမ ၃။ မေ ၁၀၊ ၂၀၀၈ 

စစ်အစိုးရက မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဒေသများမှ တပ်ရင်းတပ်ဖွဲ့များအား ကြိုတင်မဲကောက်ခံ မှုများ ယခုရက်ပိုင်းအတွင်း ပြုလုပ်နေသည်။  

ဧရာဝတီတိုင်း (၇) မြို့နယ်နှင့် ရန်ကုန်တိုင်း မြို့နယ် (၄၀) တို့တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပမည့်ရက်အား ယခုလ (၂၄) ရက်နေ့သို့ ရွှေ့ပြောင်းခဲ့ပြီးနောက် ယခုကဲ့သို့ ကြိုတင် မဲပေးခိုင်းခြင်းဖြစ်သည်။ 

“စာအိတ်နဲ့ပိတ်ပြီးတော့ တပ်က မဲရုံအဖွဲ့ဝင်တွေကို ပေးနေရတာ၊ (ရတက) ရော (နတခ)ရောပဲ၊ ဒီရက်ပိုင်းမှာ စလုပ်နေတာ၊ တပ်မှူးတွေပြောတာက (၂၄) ရက်နေ့ကျရင် မရှုတ်တော့ဘူးလို့ ပြောပြီး အခုကတည်းက ပေးခိုင်းတာ၊ ကျနော်တို့တပ်မှာလည်း ပေးနေရပြီ”ဟု ရန်ကုန်တိုင်း၊ စစ်ဌာနချူပ်လက်အောက်ရှိ တပ်ရင်းတခုမှ အရာရှိတဦးက ပြောသည်။ 

ထို့အပြင် နေပြည်တော်မှ ခရိုင်နှင့်မြို့နယ်များသို့ နှုတ်ဖြင့်ညွှန်ကြားကာ မြို့နယ်ကော်မရှင်မှ ထောက်ခံမဲ (၉၀) ရာခိုင်နှုန်းသာ လိုချင်ပြီး မရရှိသည့် မြို့နယ်ကော်မရှင်များအား အရေးယူ မည်ဟုဆိုသည်။ 

ယခင်ကသတ်မှတ်ထားသည့် (၁၀) ရက်နေ့တွင်သာ ပြည်သူများနှင့်တပြိုင်တည်း မဲပေးရမည့် စနစ်မှ ယခုအခါ တပ်များသို့ အဆိုပါကဲ့သို့လုပ်ဆောင်ရန် ညွှန်ကြားလာခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ 

မဲရုံမရှိဘူး၊ အရင်ထဲက အပြလောက်ပဲလုပ်တာ၊ မဲရုံတလုံးကုန်ကျငွေက သတ်မှတ်ထားပြီးသား လေ၊ အဲ့ဒါကို အိတ်ထဲထည့်၊ ခုပြန်သတ်မှတ်တဲ့နေ့ကျတော့ တပ်ထဲမှာကျောင်းရှိရင် ကျောင်းမှာ၊ ဓမ္မာရုံရှိရင် ဓမ္မာရုံမှာ မဲစုပေါ့”ဟု အဆိုပါအရာရှိက ဆက်လက်ပြောဆိုသွားသည်။ 

ဆန္ဒခံယူပွဲဆိုင်ရာ ဥပဒေတွင် ပြည်ပနိုင်ငံများ၊ အဝေးဒေသများသို့ တာဝန်ထမ်းဆောင်မည့် သူများ၊ ခရီးသွားမည့်သူများသာ ကြိုတင်ဆန္ဒမဲပေးရန် ပြဌာန်းထားသော်လည်း မုန်တိုင်း တိုက်သဖြင့် ဥပဒေလည်းစောင်းသွားသည်ဟု အဆိုပါအရာရှိက ဆိုသည်။ 

သက်ဆိုင်ရာ တပ်မှူးများက တပ်တွင်းတွင် ကန့်ကွက်မဲမရအောင်လုပ်ရမည်ဟု ယခင်ကတည်း က အဆင့်ဆင့် ညွှန်ကြားထားပြီးဖြစ်သဖြင့် ထောက်ခံမဲများသာဖြစ်မည်ဟု ဆိုသည်။

ရန်ကုန်မြို့၊ မြို့နယ်တခုမှ မဲဆန္ဒကော်မရှင်အဖွဲ့ဝင်တဦးက “ထောက်ခံမဲ (၃၀) ရလည်း (၉၀) ရာခိုင်နှုန်းပဲ လိုချင်တယ်၊ နောက်ဆုံး (၆၀) ရလည်း (၉၀) ပဲ တင်ရမယ်ဆိုပြီး မြို့နယ်တွေကို အထက်ကနေပြောနေတာ”ဟု ပြောဆိုသည်။ 

ဧရာဝတီတိုင်းရှိ အနောက်တောင်တိုင်းစစ်ဌာနချုပ်(နတခ) လက်အောက်ခံ တပ်အချို့မှာလည်း လေဘေးဒဏ်ခံရပြီး အပျက်အစီးများပြားသဖြင့် ပြန်လည်ပြုပြင်နေရပြီး မဲထည့်ရမည့်ကိစ္စအား စိတ်မ၀င်စားကြကြောင်းနှင့် အဆိုပါတပ်များသို့ ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့ခဲ့သည်ဟု ဆိုသည်။ 

ရန်ကုန်မြို့၊ လှိုင်သာယာရပ်ကွက်မဲကော်မရှင်အဖွဲ့ဝင်တဦးက “လူထုက သွပ်ရောင်းတယ်ဆိုလို့ သွားဝယ်တာ၊ သွပ်က တချပ်ပဲရတယ်၊ ကျနော်တို့ရပ်ကွက်ထဲမှာဆို ဆီလည်းမလာ၊ ဆန်လည်း မလာ၊ ပဲလည်းမလာပဲ၊ ပစ္စည်းတွေဝေနေတာက မဲရုံကော်မရှင်ဥက္ကဌတို့၊ မယကတို့၊ အမျိုးသမီး ရေးရာ အိမ်တို့ကို ပေးနေတာ၊ လူထုက မကျေနပ်ဘူး”ဟု ပြောဆိုခဲ့သည်။ 

ယနေ့နေ့လည်ပိုင်းတွင် စစ်အစိုးရပိုင် (MRTV) မှ နေပြည်တော်ရှိ အနော်ရထာရပ်ကွက်တွင် ကာကွယ်ရေးဝန်ကြီးဌာနနှင့် အခြားဝန်ကြီးဌာနမှ သက်ဆိုင်ရာ အရာရှိများနှင့် ၀န်ထမ်းများ မဲပေးနေသည်ကို ထုတ်လွှင့်ပြသခဲ့ရာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပါအ၀င် စစ်ဗိုလ်ချုပ်များနှင့် ဇနီးများ မဲထည့်နေသည်ကို ထုတ်လွှင့်ပြသသွားသည်။ 

ထို့အပြင် တပ်ကုန်း၊ မှော်ဘီနှင့် လှည်းကူးမြို့နယ်အတွင်း ဆန္ဒမဲပေးနေသည်များကို ပြသသွား ခဲ့ပြီး မဲရုံစောင့်များက ထောက်ခံမဲထည့်ရန် လှုံ့ဆော်ထားသည့် တီရှပ်များကို ၀တ်ဆင်ကာ စောင့်ကြပ်နေသည်ကို တွေ့မြင်နေရပြီး သက်ကြီးရွယ်အိုများနှင့် မကျန်းမမာသူများက ယမန်နေ့က ကြိုတင်မဲပေးခဲ့ကြသည်ဟု ကြေညာသွားခဲ့သည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com