|
လွတ်လပ်စွာမဲပေးရသော်လည်း ပြည်သူများက
စိတ်ပါဝင်စားခြင်းမရှိ
ဖြိုးကြီး။ မေ ၁၁၊ ၂၀၀၈
စစ်အစိုးရက
၎င်း၏အခြေခံဥပဒေမူကြမ်း ပြည်သူ့ဆန္ဒခံယူပွဲအတွက် လွတ်လပ်စွာ မဲပေးခွင့်ရှိ
သည်ဆိုသော်လည်း မကွေးတိုင်း၊ သရက်မြို့ရှိ ပြည်သူများက စိတ်မ၀င်စားဘဲ
ကန့်ကွက်မဲများ သာပေးကြကြောင်း သိရသည်။
သရက်မြို့ပြည်သူများက
ကန့်ကွက်မဲများသာပေးခဲ့ကြောင်းကို ကိုယ်တိုင်မဲသွားပေးခဲ့သူတဦး က
ပြောဆိုခြင်းဖြစ်သည်။
“မဲရုံနဲ့ပတ်သက်ပြီး
ရပ်ကွက်တိုင်း၊ လမ်းတိုင်း ငြိမ်နေတယ်၊ ဘာသံမှမကြားရဘူး၊ စိတ်ဝင်တစား
အားကြိုးမာန်တက် သွားပေးကြတာလဲမရှိဘူး၊ အဲဒီမှာ အဖွားကြီးတယောက်ဆိုရင်
မဲနံပါတ်ကို ခေါက်ယူလာပြီး ပျောက်သွားပြီလို့ပြောလိုက်တယ်၊
ဘာမှလဲမပေးလာဘဲ ပြန်လာတယ်၊ သွားကြ တဲ့လူတွေက ကန့်ကွက်မဲပေးတာများတယ်”ဟု ပြောသည်။
သရက်မြို့တွင်
မဲရုံ (၈) ခုထားရှိပြီး မဲရုံတရုံတွင် မဲပေးမည့်သူ ၆၀၀၊ ၁၀၀၀၊ ၂၀၀၀
အထိ အသီးသီးထားရှိပြီး နေ့လည် (၁) နာရီနောက်ပိုင်းတွင်
ပြီးသလောက်ဖြစ်သွားကြောင်းနှင့် ကြိုတင်မဲပေးမှုများလည်းရှိခဲ့သည်ဟု
၎င်းက ဆက်လက်ပြောဆိုသည်။
သရက်မြို့ဘိလပ်မြေစက်ရုံမှ
ဝန်ထမ်း (၇၀၀၀) ခန့်က ကြိုတင်မဲပေးရာတွင် ကန့်ကွက်မဲများ ပေးခဲ့သဖြင့်
အာဏာပိုင်များက ခေါ်ယူစစ်ဆေးခြင်းများရှိခဲ့သည်။
“စက်ရုံက
ဝန်ထမ်းတွေက ကြက်ခြေခတ်ပေးတာ အားလုံးလိုလိုပဲ၊ ပထမတကြိမ်ကတော့ (၆)ဦး
ကို ခေါ်စစ်ဆေးတယ်၊ ဘာမှတော့မလုပ်သေးဘူး၊ နောင်ဖြစ်လာမဲ့ပြဿနာကို
ကိုယ့်ဟာကိုယ် ဖြေရှင်းရမယ်လို့ စက်မှု (၁) ၀န်ကြီးက
ပြောပြီး ပြန်လွှတ်လိုက်တယ်”ဟု ပြောဆိုခဲ့သည်။ |