|
ဆန္ဒမဲလက်မှတ်ပုံစံတူများဖြင့်
လူထုကြောက်လန့်အောင် စီစဉ်နေ
ဗထူး။ မေ ၁၊
၂၀၀၈

စစ်အစိုးရလက်အောက်ခံ အဖွဲ့အစည်းများက ဆန္ဒခံယူပွဲတွင်
ပြည်သူများအနေဖြင့် ကန့်ကွက်မဲ မပေးရဲရန် ရည်ရွယ်ချက်ဖြင့်
ဆန္ဒပြုလက်မှတ်ပုံစံတူများကိုကပ်ကာ ၀ါဒဖြန့်မှုများ ပြုလုပ်နေ သည်။
စစ်အစိုးရလက်အောက်ခံအဖွဲ့များက နိုင်ငံအနှံ့ ထောက်ခံမဲရရေးအတွက်
စည်းရုံးလှုံ့ဆော်နေ သလို နည်းမျိုးစုံဖြင့်
ဖိအားပေးခြိမ်းခြောက်လျှက်ရှိရာ ဆန္ဒပြုလက်မှတ်ပုံစံတူ နမူနာများဖြင့်
ပြည်သူအများ ကန့်ကွက်မဲမထည့်ရဲအောင် ဆောင်ရွက်နေခြင်းဖြစ်သည်။
“ဒီမိုကရေစီရရှိဖို့ ဆန္ဒမဲပေးကြစို့ဆိုတဲ့ ဆန္ဒပြုလက်မှတ်ပုံစံတွေကို
လိုက်ကပ်နေတာ၊ အဲ့လို စည်းရုံးလှုပ်ဆော်နေတဲ့ ကဒ်ပြားရဲ့နောက်ကျောမှာ
အမည်၊ နေရပ်လိပ်စာနဲ့ မှတ်ပုံတင်နံပါတ် ဆိုတဲ့ ဇယားကွက်တွေ
ပါနေတာကြောင့် လူတွေကို ကန့်ကွက်မဲမထည့်ရဲအောင် လုပ်နေတာနဲ့ တူတယ်၊
အရောင်ရော ပုံစံရော အတူတူပဲ”ဟု မျက်မြင်သက်သေတဦးက ဆိုသည်။
ဆန္ဒပြုလက်မှတ်အမှန်သည် ကန့်ကွက်၊ ထောက်ခံ အမှတ်အသားခြစ်ရန်
ကွက်လပ်တခုသာ ပါရှိပြီး လက်မှတ်၏နောက်ကျောတွင်
ကိုယ်ရေးဆိုင်ရာအချက်အလက်များ ဖြည့်စွက်ရခြင်း မရှိဘဲ
စာရွက်သားဗြောင်သာဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
ယခုကဲ့သို့
ပြုလုပ်ဝါဒဖြန့်နေခြင်းမှာ ပြည်သူများအနေဖြင့် ကန့်ကွက်မဲထည့်လျှင်
မိမိတို့အား နောင်အခါ ဖမ်းဆီးခြိမ်းခြောက်မှုများ ရှိလာနိုင်မည်ဟု
ထင်ရောင်ထင်မှားရောက်ရန် ရည်ရွယ် သည်ဟု ဆိုသည်။
စစ်အစိုးရအနေဖြင့် ထောက်ခံမဲရရှိရေးအတွက် နည်းမျိုးစုံသုံး
ပြုလုပ်လျှက်ရှိရာ စက်မှုလက်မှု လုပ်ငန်းရှင်းများ၊ ကုန်သည်များနှင့်
စီးပွားရေးလုပ်ငန်းရှင်များကိုလည်း ယင်းတို့လုပ်ကိုင်သည့်
လုပ်ငန်းခွင်အသီးသီးတွင် ထောက်ခံမဲရရှိရေး ဆောင်ရွက်ရန်
ဖိအားပေးမှုများလည်းရှိသည်။
ယခုလ (၂၅)
ရက်နေ့ကလည်း လှိုင်သာယာစက်မှုဇုံရှိ အလုပ်ရုံများက မဲပေးပွဲအတွက်
ကြိုတင် အလုပ်ပိတ်ရက် သတ်မှတ်ပေးမည်ဟု ပြောဆိုပြီး ထောက်ခံမဲရရှိရန်
စည်းရုံးခဲ့သည်ဟု ဆိုသည်။
လှိုင်သာယာစက်မှုဇုံမှ အလုပ်သမားတဦးက “အိုပယ်ကိုရီးယား
အထည်ချုပ်စက်ရုံမှာ မဲဆန္ဒ ပေးဖို့အတွက် ကြိုပြီး
အလုပ်ပိတ်ရက်ပေးမယ်ဆိုပြီး ညနေပိုင်းကျတော့ ကြံ့ဖွံ့အဖွဲ့တွေ မဲပုံး
ထောင်ပြီး အလုပ်သမားတွေကို အိမ်မပြန်ခင် မဲထည့်ဖို့ပြောတယ်၊ ဒါနဲ့
အလုပ်သမတယောက် က ဘာမဲလဲ နားလည်နားမလည်ဘူး၊ သိလဲမသိဘူး၊
ဒေါ်အောင်ဆန်းစုကြည်ကိုပဲ မဲထည့်ချင် တယ်၊ အဲ့ဒါ ဘယ်လိုထည့်ရမလဲ
ပြောပြပေးပါဆိုတော့ ပြည်ခိုင်ဖြိုးတွေ မဲပုံးတွေမ,ပြီး ပြန်သွား
ကြတယ်”ဟု အိုပယ်စက်ရုံမှ အလုပ်သမားတဦးက ပြောသည်။
ဆန္ဒခံယူပွဲတွင် ထောက်ခံမဲရရှိရေးအတွက် စစ်အစိုးရက နည်းမျိုးစုံဖြင့်
ခြောက်လှန့်နေသော ကြောင့် အချို့ဒေသခံပြည်သူများ ကြောက်လန့်နေပုံအား
တောင်ဒဂုံဒေသခံတဦးက “မဲ လက်မှတ်တွေမှာ အမည်၊ လိပ်စာပါမယ်ဆိုလို့
ကန့်ကွက်မဲထည့်ပြီးရင် ဖမ်းမှာပဲလို့ လူတချို့က နားလည်နေကြတယ်”ဟု
ပြောသည်။
ရန်ကုန်၊
ဗဟန်းမြို့နယ်၊ ဂွတ်တလစ်ရပ်ကွက်လူကြီးများကိုလည်း ထောက်ခံမဲ (၈၀)
ရာခိုင်နှုန်း မရပါက ရပ်ကွက်အတွင်း ရေ၊ မီး ဖြတ်တောက်မည်ဟု ခရိုင်(ခ၀တ)က
ခေါ်ယူသတိပေးထား သည်။ |