Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

မြေလတ်အလုပ်သမားများသမဂ္ဂက ကြေညာချက်ထုတ်ပြန် 

ဖြိုးကြီး။ မေ ၁၊ ၂၀၀၈ 

မြန်မာနိုင်ငံ မြေလတ်အလုပ်သမားများသမဂ္ဂက ယနေ့ကျရောက်သော ကမ္ဘာအလုပ်သမားနေ့ တွင် သဘောထားကြေညာချက်တစောင် ထုတ်ပြန်လိုက်သည်။ 

စစ်အစိုးရလက်အောက်တွင် အလုပ်သမားထုကြီး၏ အခွင့်အရေးများ ဆုံးရှုံးနေလျှက်ရှိပြီး ပြည်သူတဦးတယောက်အတွက် မည်သည့်အာမခံချက်မှ မပေးနိုင်သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား အတည်မပြုနိုင်စေရန်အတွက် အလုပ်သမားထုတရပ်လုံးအနေဖြင့် မဲရုံများသို့သွား၍ ကန့်ကွက်မဲများ ပေးကြရန်အတွက် ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်သည်။ 

ယခု နအဖစစ်အစိုးရရေးဆွဲထားသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုသည်မှာ အလုပ်သမား ထုကြီးအတွက် အကျိုးစီးပွားကို လျစ်လျူရှု၍  ၎င်းတို့၏အာဏာတည်တံ့စေရန်အတွက်သာ ရေးဆွဲထားသည့် ဥပဒေဖြစ်သောကြောင့် အလုပ်သမားများအနေဖြင့် မိမိတို့ဆုံးရှုံးနေသည့် အခွင့်ရေးများ ပြန်လည်ရရှိရန်အတွက် ရဲရဲဝံ၀ံ တိုက်ပွဲဝင်သွားကြရန်တို့ကို ၎င်းကြေညာချက် တွင် ရေးသားဖော်ပြထားသည်။ 

မြေလတ်အလုပ်သမားများသမဂ္ဂ ပြောရေဆိုခွင့်ရှိသူ ကိုလတ်က “မြန်မာနိုင်ငံအလယ်ပိုင်း မြေလတ်ဒေသက အလုပ်သမားတယောက်အနေနဲ့ ပြောရရင် သံဃာသတ်တဲ့ အစိုးရကို ထောက်ခံရင် နောက်ထပ် သံဃာသတ်တဲ့လိုင်စင် ထုတ်ပေးလိုက်သလိုပါပဲ၊ ဒါကြောင့် ဒီဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေကို ထောက်ခံတဲ့သူတိုင်းဟာ ဗုဒ္ဓဘာသာဝင် မဖြစ်နိုင်ပါဘူး၊ လူသတ် ဝါဒီကို အားပေးတဲ့ မိစ္ဆာတွေလို့ပဲ ပြောရမှာပါ”ဟု ပြောသည်။ 

ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အလုပ်သမားနေ့သ၀ဏ်လွှာ ပေးပို့ခဲ့ရာ “အလုပ်သမားကိုယ်စားလှယ်များ အမျိုးသားညီလာခံ တွင် ကိုယ်တိုင်ပါဝင်ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေအား ယခု မေလအတွင်း ပြည်လုံး ကျွတ် ဆန္ဒခံယူပွဲကျင်းပ၍ အတည်ပြုနိုင်တော့မည်ဖြစ်သဖြင့် ဆန္ဒခံယူပွဲအောင်မြင်ရန်လည်း ကောင်း၊ မူဝါဒလမ်းစဉ် (၇) ရပ် အောင်မြင်ရန်လည်းကောင်း ကျရာအခန်းကဏ္ဍမှ ပါဝင်ကြရန် တိုက်တွန်းလိုက်သည်”ဟု ဖော်ပြထားသည်။ 

ထို့အပြင် မည်သည့်ခေတ်နှင့်မှမတူအောင် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်နေပြီး ကာယ၊ ဉာဏ အလုပ်သမားကြီးများ၏ လုပ်ငန်းခွင်သာယာ သက်သာချောင်ချိရေး၊ အန္တရာယ် ကင်းရှင်းရေးအပါအ၀င် အလုပ်သမားအခွင့်အရေးနှင့် ရပိုင်ခွင့်များကို ထိုက်ထိုက်တန်တန် ရရှိ အောင် စစ်အစိုးရက အလေးထား ကာကွယ်စောင့်ရှောက်ပေးထားသည်ဟု အဆိုပါသ၀ဏ်လွှာ တွင် ဆက်လက်ဖော်ပြထားသည်။  

မြေလတ်အလုပ်သမားများသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူက “ဒီနေ့ပဲ အလုပ်သမားတွေ၊ ၀န်ထမ်း တွေ အနားယူခွင့်မရှိကြဘူးလေ၊ ကျောက်ပန်းတောင်းမြို့နယ် လွတ်လပ်ရေးကျောင်းက ဆရာ၊ ဆရာမတွေ မနက် (၆) နာရီကနေ ညနေ (၆) နာရီအထိ ကျောင်းမှာ လုံခြုံရေးစောင့်နေရတယ်” ဟု ဆက်လက်ပြောဆိုသည်။ 

အဆိုပါ မြေလတ်အလုပ်သမားများသမဂ္ဂကို မြန်မာနိုင်ငံအလယ်ပိုင်း ရေနံချောင်း၊ ချောက်၊ ကျောက်ပန်းတောင်း မြို့များမှ အလုပ်သမားများဖြင့် ၂၀၀၇ ခုနှစ်၊ မတ်လ (၂၂) ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး အလုပ်သမားထုအကြားတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး စာရွက်စာတမ်းများ၊ ကဗျာများ၊ ဗီဒီယိုခွေများ ဖြန့်ဝေခြင်းများကို လုပ်ဆောင်ခဲ့သည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com