Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

(၁၁၈)ကြိမ်မြောက် အလုပ်သမားနေ့အခမ်းအနား ကျင်းပ

ရိုးမ ၃။ မေ ၁၊ ၂၀၀၈ 

(၁၁၈) နှစ်မြောက် ကမ္ဘာ့အလုပ်သမားနေ့အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်တနေရာ၌ ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။ 

ယနေ့ကျရောက်သည့် ကမ္ဘာ့အလုပ်သမားနေ့အထိမ်းအမှတ် အခမ်းအနားများကို နိုင်ငံတကာရှိ အလုပ်သမားအဖွဲ့အစည်းများ၊ သမဂ္ဂများနှင့် အလုပ်သမားအရေးဆောင်ရွက်နေသူများက ကမ္ဘာနှင့်အ၀ှမ်းပြုလုပ်နေသလို ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားရေ ဆောင်ရွက်သူများက လည်း အခမ်းအနားများကိုကျင်းပခဲ့ခြင်းဖြစ်သည်။  

အဆိုပါအခမ်းအနားသို့ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ စက်ရုံအလုပ်ရုံ အသီးသီးမှ မြန်မာ အလုပ်သမားများ အင်အား ၅၀၀ ခန့် တက်ရောက်ခဲ့ကြသည်။ 

အလုပ်သမားနေ့အခမ်းအနား ကျင်းပရခြင်းနှင့်ပတ်သက်၍ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ ရုံးအဖွဲ့တာဝန်ခံ ကိုချက်ကြီးက “ဒီမေဒေးနေ့မှာ အရှေ့က အလုပ်သမားနောင်တော်ကြီးတွေက ဘယ်လိုတိုက်ပွဲဝင်ခဲ့တယ်၊ မေဒေးစိတ်ဓါတ်ဆိုတာ ဘယ်လိုမျိုးလဲ၊ ဘယ်လိုတိုက်ပွဲဝင်ခဲ့လို့ ငါတို့ရဲ့ အလုပ်သမားအခွင့်အရေးတွေ ရခဲ့တယ်ဆိုတာကို သိရှိကြပြီး သူတို့ရဲ့ ဆုံးရှုံးနေတဲ့ အခွင့်အရေးတွေကို ကိုယ်တိုင်တောင်းဆိုရဲလာဖို့ ရည်ရွယ်ပြီး ကျင်းပတာပါ”ဟု ပြောသည်။ 

အခမ်းအနားသို့တက်ရောက်လာသည့် လေးထပ်ရုံတွင် စက်ဆွဲအလုပ် လုပ်ကိုင်နေသည့် မြန်မာ အလုပ်သမားတဦးက “ကျနော် ဒီအခမ်းအနားကို တက်ရောက်တဲ့အတွက် အလုပ်နဲ့ပတ်သက် တာတွေ နောက်ပြီး ဗမာပြည်မှာဖြစ်ပျက်နေတဲ့ အကြောင်းတွေကိုလဲ အများကြီး သိရတယ်ပေါ့။ ဒီပွဲကို မတက်ရောက်နိုင်တဲ့သူတွေကိုလဲ ပြောပြချင်တယ်၊ အလုပ်သမားတွေရဲ့အခွင့်အရေး အတွက် ဘယ်လိုတိုက်ပွဲဝင်ရမယ်ဆိုတာတွေရယ်၊ အလုပ်သမားအခွင့်အရေးတွေ ရှိတဲ့အတွက် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ကြဖို့ကို တိုက်တွန်းပြောဆိုမှာပါ”ဟု ပြောသည်။ 

ထိုင်းနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်နေသူ မြန်မာနိုင်ငံမှ အလုပ်သမား (၂) သန်းကျော်ရှိ သည်ဟု အလုပ်သမားအရေးဆောင်ရွက်နေသူများက ပြောဆိုပြီး အဆိုပါအလုပ်သမားများမှာ ထိုင်းနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် လုပ်အားခနှင့် အလုပ်သမားအခွင့် အရေးများကို ပြည့်ဝစွာ မရရှိပေ။  

ယနေ့အခမ်းအနားသို့ တက်ရောက်လာပြီး လက်ရှိ ထိုင်းနိုင်ငံ အလုပ်သမားဥပဒေလမ်းကြောင်း အတိုင်း အမှုရင်ဆိုင်နေသူ ပန်းကန်လုံးစက်ရုံမှ အမျိုးသမီးတဦးက “အခု ကျမတို့ ၄၂ ဦး ရင်ဆိုင်နေတဲ့ အမှုကိုတော့ ကျမတို့က နိုင်မယ်လို့ထင်ထားတယ်၊ နောက်ပြီး ဘ၀တူ အလုပ် သမားတွေကိုလည်း ကျမတို့လို တရားဥပဒေအတိုင်း အလုပ်သမားအခွင့်အရေးတွေ ရရှိဖို့ ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ကြပါလို့ ပြောချင်ပါတယ်”ဟု တိုက်တွန်းပြောဆိုသည်။ 

ယနေ့ကျရောက်သည့် ကမ္ဘာ့အလုပ်သမားနေ့အခမ်းအနားများကို ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်ဒေသရှိ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့(YCOWA)၊ အလုပ်သမားသွေးစည်းညီညွတ် ရေးအဖွဲ့(BLSO)၊ မြန်မာ့အရေး ပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA) တို့က ကျင်းပခဲ့ကြသည်။

ယခုလက်ရှိ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့က အောင်မြင်စွာ ဆောင်ရွက်ခဲ့သော အမှုပေါင်း ၁၃၀ ကျော်တွင် အလုပ်သမား ၁၀၀၀ ကျော်အတွက် နစ်နာကြေးများရရှိခဲ့ပြီး အမှု (၉) မှု အတွက်လည်း ဆက်လက်ကူညီဆောင်ရွက်ပေးနေသည်ဟု ဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com