|
လုယက်မှုကြောင့်
အချို့နေရာများတွင် လုံခြုံရေးချထား မီးသတ်က ရေတင်ခငွေတောင်း
ရိုးမ ၃။ မေ
၅၊ ၂၀၀၈
သောကြာနေ့ညနက်မှစ၍ ၁၀ နာရီကျော်တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းငြိမ်သက်သွားပြီး နောက်ပိုင်း အစာနှင့်ရေ ပြတ်လပ်မှုများကြောင့် လုယက်မှုဖြစ်ပေါ်ခဲ့ရာ
စစ်တပ်နှင့် ရဲများက အချို့နေရာများအား လုံခြုံရေးများချထားသည်။
အပျက်အစီးများနှင့်ပြည့်နှက်နေသည့် ရန်ကုန်မြို့ အချို့ဆင်ခြေဖုန်းနေရာများတွင်
လူအများက ဈေးဆိုင်အချို့နှင့်
ဈေးများအတွင်း လုယက်မှုများပြုလုပ်ခဲ့ခြင်းကြောင့်
လုံခြုံရေးများချထားခြင်း ဖြစ်သည်။
“လှိုင်သာယာဈေးဘက်မှာလုလို့ စစ်တပ်က လုံခြုံရေးချထားတယ်၊
ဈေးနှုန်းတွေကလည်း အရမ်းကြီးတယ်၊ လေတိုက်လို့
မီးခွက်ဈေးကတော့ လုံးလုံးပျက်စီးသွားတယ်၊ ကြက်ဥတလုံး ၄၀၀၊
ဟင်းတောင်ဝယ်စားလို့မရဘူး၊ ခြောက်တိုင်ပါတဲ့ ဖယောင်းတိုင်တထုတ်က ၁,၀၀၀
ပေးရတယ်”ဟု လှိုင်သာယာမြို့ခံတဦးက ပြောသည်။
ပြီးခဲ့သည့်နေ့က သိမ်ကြီးဈေးနေရာအချို့တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး
လုယက်မှုများရှိနေသဖြင့် အချို့လမ်းများကို လုံခြုံရေးများချထားရာ
တာမွေဘက်မှ အိမ်သို့အပြန်တွင် စေတ၀န်ကျောင်း အနီးတွင်
စစ်တပ်နှင့် ရဲများအား တွေ့ခဲ့ရသည်ဟု
၎င်းက ဆက်လက်ပြောဆိုသည်။
စစ်အစိုးရအနေဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးနေပြီး
များသောအားဖြင့် ရန်ကုန် မြို့ရှိ ဒေသခံများမှာ
မိမိတို့ရပ်ကွက်နှင့် လမ်းများအား
ကိုယ်တိုင်အသိစိတ်ဖြင့် ရှင်းလင်းခဲ့ရ သည်ဟု ဆိုသည်။
အဓိကအားဖြင့် ရန်ကုန်မြို့တွင် သောက်သုံးရေပြတ်လပ်လျှက်ရှိရာ
ထိုအခြေအနေအပေါ် မီးသတ်တပ်ဖွဲ့၏ ငွေတောင်းခံမှုနှင့်ပတ်သက်၍
ရန်ကုန်မြို့ခံတဦးက “ခု မီးသတ်တွေလာပြီး တော့ ကားနဲ့ ရေမောင်းတင်ပေးတယ်၊
တခါတင်ရင် တသောင်းတောင်းတယ်၊ ခုတော့ တသောင်းတောင်းတယ်၊
နောက်နေ့တွေဆိုရင် ဆီနဲ့ မောင်းတင်ရတော့ ဆီးဖိုးပါ တောင်းမယ် ပြောတယ်”ဟု ပြောသည်။
ယခုအခါ
ဓါတ်ဆီဈေးနှုန်းများ မြင့်တက်သွားပြီး ဒီဇယ်တဂါလံ ကျပ်ငွေ ၁၇,၀၀၀
ကျပ် ရှိနေ သဖြင့် ခရီးသည်များသည် တမှတ်တိုင်သာ ကားစီးသော်လည်း ကျပ်ငွေ
၅၀၀ ပေးရသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
စစ်တပ်၊
ရဲနှင့် ကြံ့ဖွံ့များက
အဓိကအကြီးအကဲများ သွားလာရာ လမ်းများကိုသာ ရှင်းလင်းပေး နေပြီး ပြည်သူအများစုမှာ နီးစပ်ရာ လေဒဏ်အနည်းငယ်သာခံရသည့်
ဆွေမျိုးမိတ်ဆွေ နေအိမ် များတွင် သွားရောက်နေထိုင်သူများနှင့်
မိမိတို့ ငွေကြေးအကုန်အကျခံကာ
အိမ်အပျက်အစီး များကို ပြုပြင်နေသည်ဟု မျက်မြင်တဦးက ပြောဆိုသည်။
(၁၀)
ရက်နေ့တွင်ပြုလုပ်မည့် ဆန္ဒခံယူပွဲ နောက်ဆုတ်နိုင်သည်ဟု
ပြည်သူများအတွင်းတွင် ကောလဟာလ ဖြစ်ပေါ်နေကာ လျှပ်စစ်မီးပြန်ရရန်လည်း
(၃) လခန့်ကြာမြင့်မည်ဟု ပြောဆို နေကြကြောင်း
၎င်းက ဆက်လက်ပြောဆိုသည်။ |