Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

လပွတ္တာတမြို့လုံးနီးပါးပျက်စီး
အနီးမှရွာသားများ လပွတ္တာမြို့ပေါ်တက်လာ 

ဖြိုးကြီး။ မေ ၅၊ ၂၀၀၈ 

သောကြာနေ့တွင်တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းဒဏ်ကြောင့် ဧရာဝတီတိုင်း၊ လပွတ္တာမြို့ တမြို့လုံးနီးပါးပျက်စီးသွားပြီး မြို့အနီးမှ ကျေးရွာသားများ အိုးအိမ်မရှိတော့သဖြင့် မြို့ပေါ်သို့ တက်ရောက်လာကြသည်။ 

မုန်တိုင်းဒဏ် အဆိုးဝါးဆုံးခံခဲ့ရသည့်အတွက် မြို့မှာ တမြို့လုံးနီးပါးပျက်စီးသွားပြီး မြို့အနီးရှိ ကျေးရွာများ ပျောက်ဆုံးသွားသဖြင့် ဒေသခံပြည်သူများ လပွတ္တာမြို့ပေါ်သို့ တက်ရောက်လာနေ ခြင်းဖြစ်သည်။ 

လပွတ္တာမြို့တွင်းသို့ နာဂစ်မုန်တိုင်းမှာ သောကြာနေ့ နေ့လည် (၂) နာရီမှ ည (၁၂) ခွဲအထိ တိုက်ခတ်သွားပြီး မြို့ပေါ်ရှိ သစ်ပင်များ၊ လူနေအိမ်များ ပျက်စီးကာ လူအသေအပျောက် ရှိခဲ့ သည်။ 

“(၆) နာရီကနေ (၁၁) နာရီလောက်မှာ တော်တော် ပြင်းပြင်းထန်ထန်တိုက်တာ၊ သစ်ပင်လဲပြီး ပိလို့သေတယ်၊ တချို့ အအေးမိပြီးသေတယ်၊ တချို့ဆို လူစုပြီး မုန်တိုင်းဒဏ်ရှောင်ဖို့ ဘုန်းကြီး ကျောင်းပေါ်ပြေးတက်တော့ ကျောင်းပြိုကျပြီး သေကြတယ်”ဟု လပွတ္တာမြို့ခံတဦးက ပြောသည်။   

လပွတ္တာမြို့ရှိ မိုက်ကရိုဝေ့တိုင်လည်း ပြိုလဲသွားခဲ့ပြီး ကျေးရွာ ၁၅ ရွာခန့် မုန်တိုင်းတိုက်ခတ်စဉ် ပျောက်ဆုံးသွားကာ လူအများစုမှာ ရှာဖွေ၍မတွေ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ 

ပျောက်ဆုံးသွားသည့်ရွာများမှာ ကိုင်းသောင်၊ လွှစာ၊ မိကျောင်းအိုင်၊ ရွေး၊ ကြို့ကုန်း၊ ဓမ္မင်း ချောင်းလေး၊ လေယာဉ်ကွင်း၊ ဆင်လမ်းကြီး၊ ရေရွဲ၊ အိုင်မ၊ အမာ၊ မိဦး၊ ကြာနီကန် ရွာများ ဖြစ်သည်ဟု ဆိုသည်။ 

လပွတ္တာမြို့တွင် လူဦးရေ ငါးသောင်းခန့်နေထိုင်ပြီး မုန်တိုင်းတိုက်ခတ်စဉ် ၅ ပေခန့် ရေမြင့်တက် လွှမ်းမိုးခဲ့ကာ အနည်းငယ်မျှသာရှိသော တိုက်အိမ်များပင် အပျက်အစီးရှိခဲ့ပြီး အများစုမှာ လုံးဝ နီးပါး ပျက်စီးသွားသည်။ 

“ရေကော မိုးကော၊ လေကော အကုန်ပဲ၊ ကမ်းနားလမ်းမှာ ရေမြုပ်နေပြီး ကုန်းဘက်မှာကတော့ ဒူးခေါင်းလောက်ရှိတယ်၊ တမြို့လုံးတော့ ရေမြုပ်နေတာပေါ့၊ ရေထဲကလှိုင်းလုံးနဲ့ ဂျပ်မြွေတွေ ပါလာတယ်။ တချို့ အဲဒီဂျပ်မြွေကိုက်လို့ သေကြတာ”ဟု မြို့ခံက ပြောသည်။

လပွတ္တာမြို့ပေါ်တွင် သေဆုံးသူ ဆယ်ဂဏန်းခန့်ရှိမည်ဖြစ်ပြီး အနီးအနားကျေးရွာများမှ အိုးအိမ် မဲ့၍ တက်ရောက်လာသူများပါဆိုလျှင် ဒုက္ခရောက်သူ သိန်းနှင့်ချီရှိမည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။ 

အနီးအနားကျေးရွာမှ တက်လာသူတဦးက “ဘာကယ်ဆယ်ရေးမှ မလာဘူး၊ နေစရာလည်း အိမ်မရှိတော့ဘူး၊ လုပ်ကိုင်စားစရာလဲ ဘာမှမရှိတော့ဘူး၊ ဘုန်းကြီးကျောင်းမှာပဲ ကပ်နေရမှာပဲ” ဟု ပြောသည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com