|
လှည်းကူးနှင့်မှော်ဘီမြို့နယ်တွင်
စစ်တပ်မှ ကြိုတင်မဲများကို အရာရှိများက လက်မှတ်ထိုးခဲ့
ဗထူး။ မေ
၁၃၊ ၂၀၀၈
မေလ
(၁၀)ရက်နေ့က ရန်ကုန်တိုင်းအတွင်းရှိ လှည်ကူးနှင့် မှော်ဘီ မြို့နယ်တွင်
ဆန္ဒခံယူပွဲပြု လုပ်ခဲ့ရာ အဆိုပါဒေသတွင် အခြေစိုက်သောတပ်ရင်းများမှ
ကြိုတင်မဲများကို အရာရှိများက လက်မှတ်ရေးထိုးခဲ့သည်။
ပြီးခဲ့သည့်
ရက်ပိုင်းက ရန်ကုန်တိုင်းအတွင်းရှိ တပ်များအား ကြိုတင်ဆန္ဒမဲကောက်ယူနေရာ
တပ်တွင်း မဲကော်မရှင်တွင် ပါဝင်သောအရာရှိများက တပ်ဖွဲ့ဝင်များ၏
မဲများအား ထောက်ခံမဲ အဖြစ် အမှန်ခြစ်ခဲ့ခြင်းဖြစ်သည်။
“ကျနော်တို့
မဲတွေကို (၆)ရက်၊ (၇)ရက်နေ့ကတည်းက တပ်ရေးဗိုလ်ကြီးကိုယ်တိုင် အမှန်တွေ
ခြစ် စာအိပ်နဲ့ပိတ်လိုက်တာ၊ မဲရုံလည်းမရှိဘူး၊ (၁၀)ရက်နေ့ရောက်တော့
အပြသဘောလောက်ပဲ လုပ်သွားတာ” ဟု အမှတ်(၄) စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ်
(စကခ-၄) မှ စစ်သားတဦးက ပြောသည်။
၎င်းတို့တပ်ရင်းအနေဖြင့်
ကရင်ပြည်နယ်ရှေ့တန်းစစ်မြေပြင်မှ ပြန်လည်ရောက်ရှိခဲ့ပြီး မကြာမီ
ရက်ပိုင်းအတွင်းတွင် ကြိုတင်ဆန္ဒမဲပေးရမည်ဟု တာဝန်ရှိသူများက
ပြောကြားခဲ့သော်လည်း မဲလက်မှတ်ကိုပင် မြင်ဘူးခြင်းမရှိကြောင်း
သူကဆက်လက်ပြောဆိုသည်။
ရန်ကုန်တိုင်းလှည်းကူးမြို့နယ်အတွင်း အချို့ကျေးရွာများတွင်လည်း
သက်ဆိုင်ရာ ရယကနှင့် ကြံ့ဖွံ့အဖွဲ့ဝင်များက အိမ်တိုင်ယာရောက်
ဆန္ဒမဲလက်မှတ်များ ပေးဝေပြီး ၎င်းတို့ရှေ့တွင် လက် မှတ်ထိုးခိုင်းခြင်းများ
အတင်းပြုလုပ်ခဲ့သည်။
မဲရုံကော်မရှင်အဖွဲ့ဝင်တဦးက “နေပြည်တော်ကို ၉၀
ရာနှုန်းထောက်ခံမဲပြည့်မှ ပို့မှာ၊ မဲပေးနိုင်သူ စာရင်းထဲမှာ
တပ်အင်အားစာရင်းမပါဘူး၊ အဲ့ဒီစာရင်းက သီးသန့်ထပ်တိုးမဲ့သဘော၊ ခုလည်း
တပ်ကရတဲ့ စာရင်းတွေကို မြို့နယ်ကော်မရှင်ကို ပို့ထားပြီးလားဆိုတာ
တိတိကျကျမသိသေး ဘူး၊ (၂၄)ရက်နေ့ကျမှ အားလုံးပေါင်းပြီး ခရိုင်ကို
ပို့ရမှာ” ဟု ပြောဆိုသည်။
စစ်အစိုးရအနေဖြင့် မဲစာရင်းများ၊ မဲပေးစနစ်များကို ဥပဒေနှင့်ပြဌာန်းကာ
ဆန္ဒခံယူပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို ထုတ်ပြန်ထားသော်လည်း မေလ
(၁၀)ရက်နေ့ကပြုလုပ်ခဲ့သည့် ဆန္ဒခံယူပွဲတွင် နည်းအမျိုးမျိုးဖြင့်
ပြည်သူများအား အကြပ်ကိုင်မဲပေးစေခဲ့ရာ စစ်တပ်များ အတွင်းတွင်လည်း
သက်ဆိုင်ရာအရာရှိများက ယင်းတို့ တာဝန်ယူထားသည့် တပ်များအတွင်း
ထောက်ခံမဲများသာရရှိရေးကို နည်းပေါင်းစုံဖြင့် ပြုလုပ်ခဲ့သည်။
|