|
နိုင်ငံတကာမှ အကူအညီသာလိုပြီး
ကယ်ဆယ်ရေးလုပ်သားများမလိုဟု စစ်အစိုးရကပြောဆို
ဉာဏ်မောင်။
မေ ၉၊ ၂၀၀၈
နိုင်ငံတကာမှ ကယ်ဆယ်ရေးပစ္စည်းများသာလိုအပ်ပြီး ကယ်ဆယ်ရေးလုပ်သားများ
မလိုအပ် ကြောင်း စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက
ယနေ့ပြောဆိုလိုက်သည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသော ကယ်ဆယ်ရေးလုပ်သားများ
တင်ဆောင်လာသည့် ကာတာနိုင်ငံမှ အကူအညီပေးရေးဆိုင်ရာ လေယာဉ်အား ပြန်လည်
စေလွှတ်ခဲ့ပြီးနောက် ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် ယခုကာလတွင် နိုင်ငံခြားတိုင်းပြည်များမှ
သတင်းသမားများနှင့် ကယ်ဆယ် ရေးလုပ်သားများအား
လက်ခံနိုင်မည့်အနေအထားမရှိသေးဘဲ ကယ်ဆယ်ရေးပစ္စည်းများကို လက်ခံပြီး
မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဒေသများရှိ ဒုက္ခသည်များထံ
ကိုယ်ပိုင်အရင်းအမြစ် များနှင့် ဖြန့်ဝေလျှက်ရှိသည်ဟု ယနေ့ထုတ်
မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။
နိုင်ငံတွင်း လေမုန်တိုင်းကြောင့် အလွန်ဆိုးဝါးစွာ ပျက်စီးနေမှုများအပေါ်
စစ်အစိုးရ၏ တုံ့ပြန် လုပ်ကိုင်ဆောင်ရွက်ပေးနေမှုများသည်
အလွန်နှေးကွေးလျှက်ရှိပြီး အထူးသဖြင့် နိုင်ငံတကာမှ
ကယ်ဆယ်ရေးလုပ်သားများအား ဗီဇာပေးနေမှုနှင့်
နိုင်ငံတကာကယ်ဆယ်ရေးလေယာဉ်များ ဆင်းသက်ခွင့်တို့အတွက်
ဆောင်ရွက်နေမှုများတွင် အလွန်နှေးကွေးလျှက်ရှိသည်။
မြစ်ဝကျွန်းပေါ်ဒေသရှိ ကျေးရွာအများအပြားမှာ မုန်တိုင်းဒဏ်ကြောင့်
ပျက်စီးပျောက်ကွယ် သွားပြီး သေဆုံးသူဦးရေမှာ သိန်းနှင့်ချီပြီး
မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဒေသငါးခုအတွင်း အိုးမဲ့အိမ်မဲ့ ဒုက္ခသည်
သန်းနှင့်ချီကာရှိနေသည်။
ဧရာဝတီတိုင်းမှ မြို့လုံးကျွတ်ပျက်စီးသွားသည့် ပြင်စလူမြို့နယ်မှ
ပြန်လာသူတဦးက “ကျနော် တို့ တိုက်နယ်မှာ သေတဲ့လူ ၇၀၀၀ ကျော်မယ်၊
အိုးအိမ်မဲ့ ဒုက္ခရောက်တာက ၃ သောင်းနီးပါး လောက်ရှိမယ်၊ ရဟတ်ယာဉ်ပေါ်ကနေ
ရိဏ္ခာချပေးတာ မားမားခေါက်ဆွဲခြောက် (၄) ဖာ လောက်ချပေးတော့ လူတွေက
ဒေါသထွက်ကြတာပေါ့”ဟု ပြောဆိုသည်။
စစ်အစိုးရရုပ်သံမီဒီယာများက ယင်းတို့ရေးဆွဲထားသည့်
ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြု ထောက်ခံရန်သာ ၀ါဒဖြန့်လွှင့်ထုတ်နေပြီး
မုန်တိုင်းအပျက်အစီးများ၊ လူအသေအပျောက်နှင့် ဒုက္ခသည်များသတင်းကို
လွှင့်ထုတ်ပြသခြင်းမရှိပေ။
လူဦးရေ (၅)
သန်းခန့် နေထိုင်လျှက်ရှိသည့် ရန်ကုန်မြို့တွင်ရှိသောသူများသည်
မုန်တိုင်း ဒဏ်ကြောင့် အိုးအိမ်များ ပျက်စီးသဖြင့် စိတ်ရှုပ်ထွေး၊
စိတ်ညစ်နေသည့်ကြားတွင် လာမည့် ဆန္ဒခံယူပွဲကိုလည်း
မဲထည့်ပေးကြရဦးမည်ဖြစ်၍ စိတ်မသက်မသာ ဖြစ်နေကြရသည်။
“အခုဟာက
အလွန်ကို အဓိပ္ပါယ်မရှိဘဲ အရူးထကြတာဖြစ်တယ်၊ ပြည်သူတွေ ဒီလောက်တောင်
ဒုက္ခရောက်နေတာတောင်မှ သူတို့က အောင်ပွဲခံ ကျင်းပနေချင်ကြသေးတယ်”ဟု
ဈေးဆိုင်ရှင် တဦးက ရိုက်တာသို့ ပြောသည်။
“နိုင်ငံတကာ
ကူညီကယ်ဆယ်ရေးသမားတွေကို ကြိုဆိုလက်ခံဖို့ နှေးနှေးကွေးကွေး ဆောင်ရွက်
နေတာဟာ အလွန်ရက်စက်ရာကျပါတယ်လို့ ကျွန်တော်ထင်ပါတယ်”ဟု ကုလသမဂ္ဂဆိုင်ရာ
အမေရိကန်သံအမတ်ကြီး ဇာလ် မေခါလစ်က ပြောဆိုပြီး၊ သြစတြေးလျဝန်ကြီးချုပ်
ကေဗင်ရုဒ်က အရှေ့တောင်အာရှနိုင်ငံများအနေဖြင့် ယခုကိစ္စနှင့်ပတ်သက်၍
စစ်အစိုးရအား ဖိအားပေးရန် ပြောဆိုပြီး သူက“ မြန်မာအာဏာပိုင်တွေရဲ့
ပြုမူဆက်ဆံမှုဟာ ကြောက်ရွံ့ ထိတ်လန့်ဖွယ်ရာ ကောင်းလှပါတယ်”ဟု
ပြောဆိုခဲ့သည်။ |