|
နာဂစ်မုန်တိုင်းအကူအညီပေးရေး နိုင်ငံတကာညီလာခံ ရန်ကုန်တွင်ပြုလုပ်မည်
ဉာဏ်မောင်။
မေ ၂၀၊ ၂၀၀၈
ယခုလ (၂) ရက်နေ့ကတိုက်ခတ်ခဲ့သည့် နာဂစ်ဆိုက်ကလုန်းမုန်တိုင်းဒဏ်
ခံစားခဲ့ရသည့် မြန်မာ နိုင်ငံမှ ဒုက္ခသည်များအား ကူညီဆောင်ရွက်ရန်
နိုင်ငံတကာညီလာခံတရပ်ကို ရန်ကုန်မြို့၌ လာမည့် (၂၃) ရက်နေ့တွင်
ကျင်းပမည်။
အဆိုပါညီလာခံအား အာစီယံနိုင်ငံများမှ ကမကထပြုလုပ်ကာ
ပျက်အစီးဆုံးရှုံးမှုနှင့် ကယ်ဆယ် ကူညီရေးဆိုင်ရာ ကိစ္စရပ်များ
ဆောင်ရွက်ရန်အတွက် ဆွေးနွေးညှိနှိုင်းသွားကြမည်ဖြစ်သည်။
ယမန်နေ့ကကျင်းပပြုလုပ်ခဲ့သည့် အာစီယံနိုင်ငံခြားရေးဝန်ကြီးများ
အစည်းအဝေးတွင် အဆိုပါ ကိစ္စ သဘောတူညီမှုရရှိခဲ့ပြီး
ဆိုက်ကလုန်းဒုက္ခသည်များအပေါ် ပိုမိုထိရောက်စွာ လုပ်ကိုင်
ဆောင်ရွက်ပေးနိုင်လိမ့်မည်ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး
ဟဆန်ဝိရာယုဒက ပြောသည်။
စစ်အစိုးရအနေဖြင့် အာစီယံ ၁၀ နိုင်ငံမှ ကျန်းမာရေးလုပ်သား ၃၀၀ လက်ခံရန်
သဘောတူညီ လိုက်သည်ဟု စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး၏ ကြေညာချက်တွင်
ဖော်ပြထားကာ နိုင်ငံတကာ အကူအညီများကို အာစီယံနိုင်ငံများက ဦးဆောင်၍
ပိုမိုလက်ခံအောင် လုပ်ကိုင်ပေးမည်ဖြစ်ပြီး မုန်တိုင်းဒဏ်ခံခဲ့ရသည့်
ဒေသများသို့ အနောက်နိုင်ငံများမှ ကယ်ဆယ်ရေးလုပ်သားများကို
စစ်အစိုးရအနေဖြင့် သွားလာခွင့်ပြုမည်မဟုတ်ကြောင်း
စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက ယမန် နေ့က ပြောဆိုသည်။
သဘောတူညီချက်အရ အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်အသေးစိတ်ကို
ကမ္ဘာ့ကုလသမဂ္ဂနှင့် လုပ်ကိုင်ရမည်ဖြစ်ပြီး ယခုလ (၂၅) ရက်နေ့တွင်
အလှူရှင်များအစည်းအဝေးတရပ်ကိုလည်း ရန်ကုန်မြို့တွင် ပြုလုပ်လိမ့်မည်ဟု
အာစီယံက တနင်္လာနေ့တွင် ကြေညာခဲ့သည်။
“ကမ္ဘာနဲ့အ၀ှမ်း ကယ်ဆယ်ရေးအကူအညီတွေကို တိုးချဲ့လုပ်ကိုင်နိုင်အောင်
စိတ်ဝင်စားမှုနဲ့ ပတ်သက်ပြီး မြန်မာအစိုးရက နားလည်မှုလွဲနေပြီး
ယခုလုပ်ဆောင်မှုက မြန်မာအစိုးရရဲ့ ရပ်တည်မှုကို ပြောင်းလဲပေးလိမ့်မည်”ဟု
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ၀ိရာယုဒက ပြောသည်။
ကုလအနေနှင့် မုန်တိုင်းဒဏ်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့်
မြန်မာနိုင်ငံမှ လူဦးရေ နှစ်သန်း ခွဲအား ကူညီရန် စစ်အစိုးရခေါင်းဆောင်
ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ တယ်လီဖုန်း၊ စာတို့ဖြင့် အကြိမ်ကြိမ်
ဆက်သွယ်မှုပြုလုပ်ခဲ့ပြီး အကြောင်းပြန်ကြားမှုမရှိဖြစ်နေရာမှ လာမည့်
ဗုဒ္ဓဟူး နေ့တွင် ကုလအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း
မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။
စစ်အစိုးရက နာဂစ်မုန်တိုင်းဒဏ်ကြောင့် သေဆုံး၊ ပျောက်ဆုံးသူ (၁၃၃၆၅၅)
ရှိသည်ဟု တရားဝင်ထုတ်ပြန်ထားပြီး နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များက
ဒုက္ခသည် (၂.၅) သန်း ရှိသည်ဟု ခန့်မှန်းထားကြသည်။
ယခုရက်ပိုင်းအထိ မုန်တိုင်းဒဏ်ခံခဲ့ရသည့် နေရာများသို့ အစားအသောက်နှင့်
နေရာထိုင်ခင်း များ လုံလောက်စွာ ပေးပို့နိုင်ခြင်းမရှိသေးဘဲ
မုန်တိုင်း၏နောက်ဆက်တွဲ ကူးစက်ရောဂါများ ကြောင့်
နောက်ထပ်သေဆုံးမှုများနှင့် ရောဂါပြန့်ပွားမှုများအတွက် နိုင်ငံတကာက
စိုးရိမ်နေကြ သည်။
ရန်ကုန်နှင့်အနီးဆုံး ကွမ်းခြံကုန်းမြို့ပေါ်သည်ပင် အကူအညီများ
လုံလောက်စွာမရရှိသေးဘဲ သေဆုံးသူ ၇၀၀၀ ကျော်နှင့် ပျောက်ဆုံးသူ ၂၀၀၀၀
ကျော်ရှိသည်ဟု ဒေသခံများ၏ သုံးသပ် ချက်ကို ယခုလ (၁၄) ရက်နေ့ထုတ်
(Weekly Eleven) ဂျာနယ်တွင် ဖော်ပြထားသည်။ |