Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

နာဂစ်မုန်းတိုင်းဒဏ်အတွက် နိုင်ငံတကာက ကူညီရန်အသင့်ရှိနေ 

ဉာဏ်မောင်။ မေ ၅၊ ၂၀၀၈ 

ပြီးခဲ့သည့် သောကြာနေ့က တိုက်ခတ်သွားသည့် နာဂစ်ဆိုက်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် သောက်ရေ၊ အစားအစားရရှိရေးတို့အတွက် နိုင်ငံတကာက ကူညီ ဆောင်ရွက်ရန် အသင့်ရှိနေသည်။ 

လူသောင်းနှင့်ချီကာ အိုးအိမ်မဲ့ဖြစ်ခဲ့ရပြီး ရာနှင့်ချီသေဆုံးခဲ့သည့် အင်အားပြင်းထန်သော မုန်တိုင်း တိုက်ခတ်ပြီးနောက် အဆိုပါမုန်တိုင်းဒဏ် ခံခဲ့ရသည့် ပြည်သူများအား အကူအညီပေး ရန် နိုင်ငံတကာမှ ပြင်ဆင်နေခြင်းဖြစ်သည်။ 

တနာရီလျှင် မိုင် (၁၂၀) နှုန်းဖြင့် သုံးကြိမ်တိုင်တိုက်ခတ်ခဲ့သည့် မုန်တိုင်းဒဏ်ကြောင့် လူပေါင်း (၃၅၀) ကျော် သေဆုံးပြီး ရန်ကုန်တွင် (၁၉) ဦး၊ မြစ်ဝကျွန်းပေါ်တွင် (၂၂၂) ဦး၊ လပွတ္တာနှင့် ကျိုက်လတ်မြို့များတွင် (၇၅) ရာနှုန်းထိ ပျက်စီးခဲ့ကာ ဟိုင်းကြီးကျွန်းတွင် လူ (၉) သောင်း ကျော်မှာ အိုးမဲ့အိမ်မဲ့ဖြစ်နေသည်ဟု စစ်အစိုးရက ကြေညာထားသည်။ 

ဤပြောဆိုချက်နှင့်ပတ်သက်၍ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု အကူအညီပေး ရေး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့(UNOCHA) ဒေသဆိုင်ရာတာဝန်ခံ တာရီ စကေဒေါက “အစိုးရ ကလည်း အကြမ်းဖျင်းလောက်ပဲ ပြောနိုင်တယ်၊ လမ်းပန်းဆက်သွယ်ရေးလည်း ဆက်သွယ်လို့ မရဘူး၊ မုန်တိုင်းဒဏ်ထိတဲ့ ရွာလေးတွေကိုလဲ ရောက်ဖို့ အချိန်အတော်ယူရမယ်”ဟု ရိုက်တာ သတင်းကို ပြောကြားခဲ့သည်။ 

အပျက်အစီးများကို စစ်တပ်နှင့် လက်အောက်ခံဖွဲ့စည်းထားသည့် အဖွဲ့များမှ လိုက်လံရှင်းလင်း နေသည်ကို စစ်အစိုးရပိုင် ရုပ်သံအစီအစဉ်မှ ပြသနေသော်လည်း လက်တွေ့တွင် ပြည်သူအများ စုမှာ သောက်သုံးရေ၊ ဆန်နှင့် လျှပ်စစ်မီးပြတ်တောက်မှုများကို ကြုံတွေ့နေရသည်။

ယနေ့ ထိုင်းနိုင်ငံအခြေစိုက် ကုလသမဂ္ဂ အရေးပေါ်သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးအဖွဲ့မှ မုန်တိုင်းကြောင့် ကြုံတွေ့နေရသည့် အခက်အခဲများကို ဆွေးနွေးနေကြပြီး မိုးရာသီအတွင်း  ပျက်စီးသွားသည့် အဆောက်အဦများအတွက် ပလတ်စတစ်စအမိုးများ၊ ရေသန့်ဆေးပြားများ၊ ခြင်ထောင်များနှင့် အိုးခွက်ပန်းကန်များလည်း လိုအပ်မည်ဟု (UNOCHA)မှ တာရီ စကေဒေါက ပြောသည်။  

ရန်ကုန်အနောက်ပိုင်းတွင် ဘုန်းတော်ကြီး အပါး (၁၀၀) ခန့်မှဦးဆောင်ကာ လမ်းပေါ်ရှိ အပျက် အစီးများကို ပြည်သူများနှင့်အတူ ရှင်းလင်းလုပ်ကိုင်နေသည်ဟု မျက်မြင်သက်သေတဦးက ပြောသည်။  

စစ်အစိုးရ လူမှုဝန်ထမ်းဌာန၀န်ကြီးနှင့် ကုလအရာရှိများ တွေ့ဆုံဆွေးနွေးရာ အကူအညီပေးရေး အတွက် ကြိုဆိုခဲ့ပြီး မည်သည့်ပုံစံဖြင့် ကူညီမည်ကို သိချင်သည်ဟု ပြောဆိုကြောင်း မစ္စတာ စကေဒေါက ပြောသည်။

“ဒီဟာက အကောင်းဘက်လက္ခဏာလို့ ကျနော်ထင်ပါတယ်၊ ကျနော် တွေ့ဆုံဆွေးနွေးခဲ့တဲ့အထဲ မှာ ဒီတခါ အကောင်းဆုံးပဲ”ဟု သူက ဆက်လက်ပြောဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com