|
ထောက်ပံ့ပစ္စည်းများတင်ဆောင်ကာ စစ်သင်္ဘောနှစ်စီးဖြင့် အိန္ဒိယက
မြန်မာနိုင်ငံသို့စေလွှတ်
အခြားနိုင်ငံများကလည်း ကူညီထောက်ပံ့ရန် အဆင့်သင့်ပြင်ဆင်နေ
ဉာဏ်မောင်။
မေ ၆၊ ၂၀၀၈
နာဂစ်မုန်တိုင်းဒဏ်ကြောင့် သောင်းနှင့်ချီသေဆုံးပြီး သိန်းချီသော
မြန်မာဒုက္ခသည်များအား ကူညီရန် ပစ္စည်းများတင်ဆောင်ထားသည့် အိန္ဒိယနိုင်ငံ
စစ်သင်္ဘောနှစ်စီးအား မြန်မာနိုင်ငံသို့ စေလွှတ်လိုက်သည်။
အစားအစာ၊
ရေနှင့် နေရာထိုင်ခင်းများလိုအပ်နေသည့် မြန်မာနိုင်ငံမှ
မုန်တိုင်းဒဏ်ခံစားနေရ သည့် ပြည်သူများအား ကူညီရန်
နိုင်ငံတကာအကူအညီများစွာ လိုအပ်နေမှုအပေါ် အိန္ဒိယနိုင်ငံ က
စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
နာဂစ်ဆိုက်ကလုံးမုန်တိုင်းကြောင့် သေဆုံးသူ (၁၅၀၀၀) ကျော်နှင့်
ရင်ဆိုင်နေရသော မြန်မာ နိုင်ငံမှ ဒုက္ခသည်များအတွက် အိန္ဒိယနိုင်ငံမှ
ကူညီထောက်ပံ့ရန် ကယ်ဆယ်ထောက်ပံ့ရေး ပစ္စည်း သဘောင်္နှစ်စီး
စေလွှတ်လိုက်ပြီး အရေးပေါ်အကူအညီများကိုလည်း လေကြောင်းမှ
ပို့ဆောင်ပေးပြီးဖြစ်ကြောင်း ယနေ့ အိန္ဒိယတိုင်း(မ်)သတင်းစာတွင်
ဖေါ်ပြထားသည်။
ပြည်ပရေးရာဝန်ကြီးဌာန၏ ကြေညာချက်အရ ရေတပ်စစ်သင်္ဘောနှစ်စီးပေါ်တွင်
အရေးပေါ် အကူအညီပစ္စည်းများဖြစ်သည့် အစားအစာ၊ ရွက်ဖျင်တဲ၊ စောင်၊
အဝတ်အစား၊ ဆေးဝါးနှင့် အဆင်သင့်စားသုံးနိုင်သော အစာခြောက်ထုပ်များကို
တင်ဆောင်ထားပြီးဖြစ်ကာ ရန်ကုန်သို့ အန္ဒိယနိုင်ငံ ဘလဲယားဆိပ်ကမ်းမှ
ထွက်ခွာလိမ့်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
နာဂစ်မုန်တိုင်းနှင့်ပတ်သက်၍ စစ်အစိုးရ၏
ကိုင်တွယ်ဖြေရှင်းမှုချို့ယွင်းချက်များကို နိုင်ငံတကာ
အသိုင်းအ၀ိုင်းအနေဖြင့် ပြစ်တင်ဝေဖန်နေမည့်အစား
လူသားချင်းစာနာထောက်ထားသည့် အကူအညီများ ဒုက္ခသည်များထံရောက်ရှိအောင်
စီစဉ်ဆောင်ရွက်နေသင့်ကြောင်း တနင်္လာ နေ့က
သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့သည်။
လူသားချင်းစာနာသော အကူအညီများပေးရန် သြစတြေးလျနိုင်ငံအနေဖြင့်
ဆန္ဒရှိရုံသာမက အကူအညီပေးရန် ပစ္စည်းများလည်း
အားလုံးအဆင်သင့်ပြင်ဆင်ထားပြီးဖြစ်ကြောင်း
သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး မစ္စတာ စတီဗင်စမစ်က ယနေ့
ဟောင်ကောင်မြို့၌ သတင်းထောက်များအား ပြောကြားခဲ့သည်။
စစ်အစိုးရအနေဖြင့် နိုင်ငံတကာအကူအညီများကို လက်ခံရန် ယခုအချိန်အထိ
သဘောထား ထုတ်ပြန်ခြင်းမရှိသေးဘဲ ဥရောပသမဂ္ဂ(EU)က အမေရိကန်ဒေါ်လာ (၃)
သန်းနှင့် စင်္ကာပူနိုင်ငံမှ လည်း လေဘေးဒုက္ခသည်များအား ကူညီရန်
အမေရိကန်ဒေါ်လာ (၂) သိန်း၊ စင်္ကာပူဒေါ်လာ (၂၇၂,၀၀၀) အကူအညီပေးရန်
စီစဉ်ဆောင်ရွက်နေကြောင်း ယနေ့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဌာနက
ကြေညာခဲ့သည်။ |