|
ကယ်ဆယ်ရေးအဖွဲ့များရောက်နေသော်လည်း စားစရာလုံလောက်စွာပေးခြင်း မရှိ
ရိုးမ ၃။ မေ ၁၃၊ ၂၀၀၈
နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရသော ဧရာဝတီတိုင်း၊
ဟိုင်းကြီးကျွန်းမြို့နယ်သို့ ကယ်ဆယ်ရေးအဖွဲ့များ
ရောက်ရှိနေပြီဖြစ်သော်လည်း စားစရာအနည်းငယ်သာပေးနေကြောင်း သိရသည်။
ဟိုင်းကြီးတွင် တိုင်းမှူးကိုယ်တိုင်
ကယ်ဆယ်ရေးအခြေစိုက်လုပ်ငန်းများ လုပ်ဆောင်နေခြင်း ဖြစ်ပြီး ဆန်နှင့်
ခေါက်ဆွဲအနည်းငယ်သာရရှိသည်ဟု ဒေသခံတဦးက ယမန်နေ့က ပြောဆိုခြင်း
ဖြစ်သည်။
၎င်းကယ်ဆယ်ရေးလုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍
“အစိုးရကယ်ဆယ်ရေးတွေတော့
ရောက်လာတယ် ဟိုင်းကြီးကို၊ ဒါပေမဲ့ ဆန်တွေလောက်ပဲပေးတာ၊
ကျန်တဲ့ရွာတွေကိုတော့ ခေါက်ဆွဲပေးတယ်၊ တိုင်းမှူးကိုယ်တိုင်
ကယ်ဆယ်ရေးအခြေစိုက်သွားနေတာ ဘာမှတော့ ဟုတ် တိပတ်တိလုပ်တာတော့
မရှိသေးဘူး” ဟု မြို့ခံတဦးက
ပြောသည်။
မုန်တိုင်းဒဏ်ကြောင့် ဟိုင်းကြီးနှင့်
မော်တင်တို့တွင် လူသေဆုံးမှုအနည်းငယ်သာရှိသော်လည်း
ပတ်ဝန်းကျင်ရွာများမှာ အားလုံးနီးပါးပျက်စီးသွားကာ
သေဆုံးသူများပြားသည်ဟု အဆိုပါမြို့ခံ က ဆက်လက်ပြောဆိုသည်။
“ဟိုင်းကြီးရယ်၊
မော်တင်ရယ်က သိပ်မထိဘူး။ ကျန်တဲ့ရွာတွေကတော့ ထိတယ်။ ကြခတ်ချောင်း ကတော့
လူတော်တော်သေတယ်၊ ကျန်တဲ့ရွာတွေကတော့ ငါးယောက်၊ ဆယ်ယောက်လောက်ပဲ
အသက်ရှင်တယ်၊ တချို့ရွာတွေဆိုရင် တယောက်မှ ပြန်မတွေ့သေးဘူး”ဟု
ပြောသည်။
နာဂစ်မုန်တိုင်းကြောင့်
ဟိုင်းကြီးပတ်ဝန်းကျင်ရှိ ကျုံငူ၊ ဆင်ကန်၊ ချောင်းဝ၊ စက်ဆိပ်၊ ကန်ဆိပ်
အပါအ၀င် ရွာပေါင်း (၃၀)ခန့် ပျက်စီးပျောက်ဆုံးသွားခဲ့ပြီး
ချောင်းဝကျေးရွာတွင် ကျောင်းပြို၍ သေဆုံးသွားသူ အလောင်းများကို ယနေ့ထိ
ရှင်းလင်းပေးခြင်းမရှိသေးကြောင်း ၎င်းက ဆိုသည်။
ကျုံငူကျေးရွာသို့
ဝန်ကြီးချုပ်သိန်းစိန်ကိုယ်တိုင် ရောက်ရှိလာခဲ့သော်လည်း ကယ်ဆယ်ရေး
ပစ္စည်းများပေးခြင်းမရှိကြောင်းနှင့် အချို့ဒေသခံများက ပုသိမ်မြို့မှ
ဆန်များဝယ်ယူ၍ တက်နိုင် သလောက် ဝေငှခြင်းများသာ ပြုလုပ်နေရသည်ဟု
ဆိုသည်။
ယခုလက်ရှိ ဟိုင်းကြီးနှင့်
ချောင်းဝကျေးရွာများတွင် လေဘေးဒုက္ခသည်များ သောင်းချီရှိနေပြီး
အစားအသောက်နှင့် ဆေးဝါးအခက်အခဲများ ကြုံတွေ့နေရသည်ဟု
ဆက်လက်ပြောဆိုခဲ့သည်။ |