|
ဘန်ကီမွန်းလာမည်ဆို၍ ဘိုကလေးမြို့ပေါ်တွင်ရွက်ဖျင်တဲများထိုးပြီး
ဒုက္ခသည်အချို့အား ဖမ်းဆီး၍ ရွာပျက်များသို့ပို့ဆောင်နေ
ဗထူး။ မေ ၂၀၊ ၂၀၀၈
ကုလအတွင်းရေးမှူးချုပ် မြန်မာပြည်လာရောက်၍
လေဘေးသင့်ဒေသများသို့ သွားရောက် ကြည့်ရှုမည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် ရွက်ဖျင်တဲများထိုးထားပြီး ဒုက္ခသည် အချို့ကို
စစ်အစိုးရက ကျေးရွာများသို့ အတင်းအကြပ် ပြန်လည်ပို့ဆောင်နေသည်။
ယခုရက်ပိုင်းအတွင်း လေဘေးဒဏ်
အဆိုးဝါးဆုံးခံခဲ့ရသော မြို့တမြို့ဖြစ်သည့် ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ပေါ်မှ ဒုက္ခသည်အချို့အား ကျေးရွာပျက်များသို့ အတင်းအကြပ်ပို့ဆောင်ကာ
ရွက်ဖျင်တဲအသစ်များ ယာယီ စိုက်ထူနေခြင်းဖြစ်သည်။
“အရင်ရက်တွေက ဘာမှမရှိဘူး၊ အခုရက်ပိုင်းမှ
တဲပြာလေးတွေထိုးပြီးတော့ လုပ်လာတာပါ၊ စားစရာသောက်စရာ မရှိတဲ့နေရာကို
ဘယ်သူကပြန်ချင်မလဲ၊ အတင်းအကြပ် ပြန်လွှတ်တာပေါ့၊
ဒီကျောင်းကဖွင့်တော့မှာမို့ ဒီမှာမနေပါနဲ့ဆိုပြီး
အတင်းအကြပ် လိုက်ဖမ်းတာဆီးတာ လုပ်တာ၊ ဘိုကလေးကနေပြီး ဒုက္ခသည်တွေတင်ပြီး
ကြိမ်ချောင်းကြီးရွာကိုသွားတဲ့
သင်္ဘောမြုပ်တယ်လို့ လည်း ကြားနေတယ်”ဟု
ဘိုကလေးမြို့ခံတဦးက ပြောသည်။
အဆိုပါ ကြိမ်ချောင်းကြီးရွာသားများက
နေအိမ်များပြန်လည်တည်ဆောက်ခဲ့ရာ အိမ်ခြေ (၅၀) ခန့် ပြီးစီးနေချိန် ယခုရက်ပိုင်းအတွင်း ထပ်မံတိုက်ခတ်သည့်လေကြောင့်
ပြိုပျက်သွားခဲ့ပြီး
အဆိုပါရွာသားများ ဘိုကလေးမြို့ပေါ်သို့ ပြန်လည်ရောက်ရှိလာသည်ဟု
၎င်းက ဆက်လက် ပြောဆိုသည်။
ဘိုကလေးမြို့ပေါ်မှ ဒုက္ခသည်များအား မအူပင်၊
မြောင်းမြမြို့များသို့ စစ်အစိုးရက ပို့ဆောင်နေ ပြီး အချို့ကို မအူပင်ကားလမ်ဖောက်လုပ်နေသည့် ကျောက်ထုခွဲလုပ်ငန်းတွင်
အလုပ်ခိုင်းစေနေ သည်ဟု ဆိုသည်။
“ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေမှာ
ဒုက္ခသည်စခန်းတွေ ဖွင့်ထားတာ၊ အဲ့ဒီနေရာ တွေကိုယ်၌က အမိုးအကာလုံခြုံမှုမရှိဘူး၊ မိုးရွာရင် မိုးရေစိုထဲမှာ ဖြစ်သလိုနေနေရတယ်၊
လူတွေက မိုးရွာလိုက် နေပူလိုက်၊ အခုဆို မိုးကလဲရွာ အမိုးအကာကမရှိနဲ့၊
တွေးကြည့်တာနဲ့ တောင် သူတို့ကျန်းမာရေးကောင်းဖို့ဆိုတာ
လုံးဝမရှိပါဘူး”ဟု လူ့အခွင့်အရေး ကာကွယ်မြှင့်တင် သူများကွန်ယက် (HRDP)
အဖွဲ့ဝင်တဦးက ပြောဆိုသည်။
ဘိုကလေးမြို့ပေါ်တွင် (HRDP)အဖွဲ့အပါအ၀င်
သီတဂူဆရာတော်၊
ရုပ်ရှင်မင်းသား ကိုကျော်သူ အဖွဲ့နှင့် အခြား ပုဂ္ဂလိကအလှူရှင်များ လာရောက်လှူဒါန်းနေသော်လည်း ဒုက္ခသည်အားလုံး အတွက်
မဖူလုံနိုင်ကြောင်း
၎င်းက ဆက်လက်ပြောဆိုသည်။
ထို့အပြင် လပွတ္တာမြို့အနီး ကျေးရွာများတွင်
မုန်တိုင်းကျရောက်စဉ် မိဘများသေဆုံးသွား၍ ကျန်ရစ်ခဲ့သည့် ကလေးငယ်များအားလည်း စစ်တပ်မှ နေရာထိုင်ခင်းနှင့် စားသောက်စရာများ ရှိသည်ဟုဆိုကာ
စစ်တပ်ထဲသို့ ခေါ်ဆောင်နေသည်ဟု ဒေသခံများက ပြောဆိုကြသည်။
“မြို့ပေါ်မှာ မဟုတ်တော့ဘူး၊ မြို့ပြင်က ရွာလေးတွေမှာ ဖြစ်နေတာ၊ အဖေမရှိ
အမေမရှိတော့ဘဲ တယောက်ထဲတက်လာတဲ့ ကလေးတွေကို ခေါ်သွားတာတွေရှိတယ်”ဟု
ဒေသခံတဦးက ပြော သည်။ |