|
အားပြင်းလှသည့် ဆိုင်ကလုန်မုန်တိုင်း
ရန်ကုန်မြို့ အနောက်တောင်ဘက်ကို ဗဟိုပြု၍ ရွေ့လျားနေ
ဉာဏ်မောင်။
မေ ၃၊ ၂၀၀၈
မြန်မာနိုင်ငံအနောက်တောင်ဘက်မှ ၀င်ရောက်တိုက်ခိုက်လာသည့်
ဆိုင်ကလုန်မုန်တိုင်းသည် ရန်ကုန်မြို့ အနောက်တောင်ဘက် ၄၃၀
ကီလိုမီတာအကွာကို ဗဟိုပြု၍ ရွှေ့လျားလာခဲ့သည်။
၎င်းမုန်တိုင်းသည် ဧရာဝတီမြစ်ဝကျွန်းပေါ်ကို ယမန်နေ့ နံနက်ပိုင်းတွင်
စတင်ဝင်ရောက်လာပြီး နောက် ရန်ကုန်တိုင်းကိုဖြတ်၍ ပဲခူးတိုင်း၊
ကရင်ပြည်နယ်၊ မွန်ပြည်နယ်ဘက်ကို ဦးတည်နေ လျှက်ရှိပြီး ဘားအံတွင်
မိုးများသည်းထန်စွာ ရွာသွန်းနေခြင်းကြောင့် ပြည်သူများ အပြင်ထွက်မ
ရအောင်ရှိနေသည်။
အဆိုပါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပင်လယ်ရေပြင် အမြင့်ပေ (၁၀)ပေမှ
(၁၂)ပေအထိ မြင့် တက်လာနိုင်ကြောင်း မိုးလေ၀သဦးစီးဌာနမှ
ထုတ်ပြန်ကြေညာထားသည်။ မုန်တိုင်းတိုက်ခတ် ပြီးနောက် ယခုအချိန်ထိ
ဟိုင်းကြီးကျွန်း၊ ပျဉ်ခရိုင်ဘက်တွင် ဆက်သွယ်ရေးများ ပြတ်တောက် နေသည်။
ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်နှင့်
မွန်ပြည်နယ်များကို အားပြင်းလှ သည့် မုန်တိုင်းတိုက်ခတ်မှုကြောင့်
ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ဒုတိယ ဗိုလ်ချုပ်ကြီး
သီဟသူရတင်အောင်မြင့်ဦးအမိန့်ဖြင့် အရေးပေါ်ကြေညာချက်ကို မကြာခင် နာရီ
ပိုင်းအတွင်းက ရေဒီယိုတွင် ကြေညာထားသည်။
ရန်ကုန်တိုင်းအတွင်း ည (၁၂)နာရီခန့်မှ စတင်တိုက်ခိုက်ခဲ့သော
မုန်တိုင်းသည် ယခုအချိန်ထိ အားကောင်းနေဆဲဖြစ်ပြီး အဆောက်အဦများ၊
အမိုးများပြုတ်ထွက်ပြီး ဓါတ်တိုင်များ၊ ဖုန်းလိုင်း များ၊
သစ်ပင်များလမ်းပေါ်သို့ ပြိုလဲနေလျှက်ရှိကာ အပျက်အစီးစာရင်းကို
အတိအကျကောက်ယူ ၍ မရသေးကြောင်းသိရသည်။
မုန်တိုင်းသည် ကုန်းတွင်းပိုင်း ဧရာဝတီမြစ်ဝကျွန်းပေါ်ကို ၀င်ရောက်လာစဉ်
မြေပြင်တွင် တစ်နာရီ မိုင် ၁၃၀ မှ ၁၅၀ အထိတိုက်ခိုက်လျှက်ရှိပြီး
ရန်ကုန်တိုင်းအတွင်းဝင်ရောက်လာစဉ် အနည်းငယ်အားပျော့သွား၍ တစ်နာရီ မိုင်
၁၂၀ မှ ၁၃၀ အထိတိုက်ခတ်နေလျှက်ရှိသည်။
ဧရာဝတီတိုင်းတွင် အပျက်အစီးအများဆုံးဖြစ်ပြီး
လူအသေအပျောက်များရှိကြောင်း မိုးလေ၀သ ဦးစီးဌာနက
ခန့်မှန်းပြောဆိုသော်လည်း တရားဝင်စာရင်းကောက်ယူနိုင်ခြင်း မရှိနိုင်သေး
ကြောင်း ပြောဆိုသည်။ |