|
ထောက်ပံ့ပစ္စည်းများဖြတ်ယူပြီး ဒုက္ခသည်များကို
မောင်းထုတ်နေ
ဗထူး။ မေ ၁၆၊ ၂၀၀၈
လေဘေးဒုက္ခသည်များအတွက် လှူဒါန်းသည့် ပစ္စည်များကို
အာဏာပိုင်များကဖြတ်ယူထားပြီး ဒုက္ခသည်များအား နားခိုရာနေရာများမှ
မောင်းထုတ်ခဲ့သည်။
ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ် တဘက်ကမ်းကျေးရွာများရှိ
လေဘေးဒုက္ခသည်များ အတွက် လှူဒါန်းသည့် အစားအသောက်ပစ္စည်းများကို
ကိုယ်ကျိုးရှာယူခဲ့ပြီး အိုးအိမ်မဲ့ဒုက္ခသည် များ
ခိုနားနေသည့်နေရာများမှ မောင်းထုတ်ခဲ့ခြင်းဖြစ်သည်။
“(၁၄) ရက်နေ့က
အလက်ချောင်းကျေးရွာမှာ ကြက်ခြေနီကတဆင့် ဒုက္ခသည်တွေကို
လှူတာရှိ တယ်၊ အလှူရှင်တွေက ပါလာတာက ခြင်ထောင် ၁၇ လုံး၊ တကယ်တမ်း
ရွာသားတွေကို မဲဖောက်ပေးတော့ ၁၀ လုံးပဲ ပါတယ်၊ ကျန်တဲ့ ၇ လုံး
ဘယ်ရောက်သွားလဲဆိုပြီး ရွာသားတွေ လိုက်စုံစမ်းတော့ သုံးရွာပိုင်ဥက္ကဋ္ဌ
ကျော်စိုးက နှစ်လုံးယူထားတယ်၊ မီးသတ်ဦးစီး အောင်မင်း၊ ကြံ့ဖွံ့အဖွဲ့က
တင်ဦးနဲ့ ညွှန့်တင်၊ နောက် မီးသတ်က စိန်လှိုင် သူတို့က တလုံးစီယူထားတယ်
လေ၊ တလုံးက လက်သည်မပေါ်ဘူး”ဟု ရွာသားတဦးက ပြောသည်။
အလက်ချောင်းကျေးရွာရှိ ဂဠုန်နီ၊ စာသင်ကျောင်း၊ ချောင်းဝကျောင်း၊
ဘောဂကျောင်းတို့တွင် ဒုက္ခသည်စခန်းများ ဖွင့်ထားပြီး အိမ်ထောင်စု ၄၄၇ စု
နေထိုင်နေကာ အလှူရှင်များ လာရောက် လှူဒါန်းသည်ကို
ကျေးရွာအာဏာပိုင်များက တားမြစ်နေသည်။
“သုံးရွာပိုင်ဥက္ကဋ္ဌ ကျော်စိုးကိုပေါင်းပြီး လုပ်ပေးလို့ရပါတယ်၊
ဝိုင်းကူလုပ်ပေးပါပြောတော့ ခင်ဗျား တို့ လှူခွင့်မရှိဘူး၊
အလက်ချောင်းရွာမှာ အိမ် ၄၄ လုံးက လေတိုက်တာနဲ့ မြစ်ထဲပါသွားတာ၊ ကျန်တဲ့အိမ်တွေက အမိုးအကာမရှိတော့ ဆန်ဂိုဒေါင်အဟောင်းကြီးမှာ
ဝင်နေတယ်၊ အောက်က လဲ ရွံဗွက်တွေနဲ့၊ (၁၃) ရက်နေ့ညမှာ
အလက်ချောင်းဥက္ကဋ္ဌ
အောင်ဝင်းက (၁၄) ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ပေးရမယ်လို့ လာပြောတယ်”ဟု
အလှူရှင်တဦးက ပြောဆိုသည်။
အလားတူ (NLD)ပါတီဝင် ရန်နိုင်ထွန်းနှင့် ၅ ဦးအဖွဲ့က ယခုလ (၁၁)
ရက်နေ့တွင် စက်ဆန်း ကျေးရွာရှိ ဒုက္ခသည်များအား ဆန်ပေးဝေနေစဉ်
ရဲတပ်ဖွဲ့ဝင်များက ရဲစခန်းသို့ခေါ်ဆောင်သွား ခဲ့ပြီး တဖက်ကမ်းရှိ
(မယက)ရုံးသို့ ပို့ဆောင်ခဲ့ရာ မေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး
ပြန်လည်လွှတ်ပေး ခဲ့သည်။
ဒုက္ခသည်များထံ ထောက်ပံ့ပစ္စည်းများ အမှန်တကယ်ရောက်ရှိနိုင်ရေးအတွက်
ကူညီသူများက စာရင်းကောက်ခံသည်ကို (ရယက)နှင့်
ကြံ့ဖွံ့အဖွဲ့ဝင်များက
တားမြစ်ခဲ့ပြီး (မယက)အမိန့်ပါမှ စာရင်းကောက်ခွင့်ပေးမည်ဟု ပြောဆိုသည်ဟု
ဆိုသည်။
“ကျနော်တို့ရောက်သွားတော့ ကျနော်တို့ကို ငိုပြီးတော့ သူတို့ကို
မိုးမစိုဘဲ အိပ်စရာလေး ကျော ခင်းလို့ရရင်ဖြစ်ပါတယ်၊ လုပ်ပေးပါလို့
ပြောတယ်၊ ရင်နာစရာတွေ့ရတာက ရေထဲက မျောလာ တဲ့ အပုတ်အနာပါတဲ့
ကြံတွေကို ကလေးတွေ ဆင်းဆယ်ပြီးတော့ စားနေရတာ၊ အဲဒါကို မစားနဲ့
ရောဂါဖြစ်တတ်တယ်ဆိုပြီးပြောတော့ ကလေးတွေက မစားရမှာကြောက်လို့ တိုင်ဘေးတွေ ကွယ်ပြီး ချောင်ထဲမှာ သွားခိုးစားနေတယ်”ဟု မျက်မြင်တွေ့ခဲ့ရသည့်
အလှူရှင်တဦးက ပြောဆို သွားသည်။ |