|
ဒေါ်အောင်ဆန်းစုကြည်
နေအိမ်ပျက်စီးသွားသည်ကို သက်ဆိုင်ရာက ရှင်းလင်းပြုပြင်ပေးခြင်းမရှိ
ဉာဏ်မောင်။
မေ ၈၊၂၀၀၈
နာဂစ်ဆိုင်ကလုံးမုန်တိုင်းဒဏ်ကြောင့် ရန်ကုန်မြို့၊ အင်းလျားလမ်းရှိ
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေထိုင်လျှက်ရှိသော နေအိမ်
ပျက်စီးသွားသည်ကို သက်ဆိုင်ရာက တစုံတရာ
ရှင်းလင်းပြုပြင်ပေးခြင်းမရှိသေးဟု ဆိုသည်။
နာဂစ်ဆိုက်ကလုံးလေမုန်တိုင်းတိုက်ပြီးနောက် အမိုးများလန်ထွက်နေပြီး
လျှပ်စစ်မီးများ ပြတ်တောက်နေကာ တအိမ်လုံးမှောင်မဲနေကြောင်း
အိမ်နီးချင်းတဦးက ယနေ့ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုက်ငယ်နေအိမ်လေးက ပြန်ပြုပြင်ဖို့
ခက်လောက်အောင် ပျက်စီး နေတယ်၊ လျှပ်စစ်မီးတွေပြတ်နေလို့ ညဖက်ဆိုရင်
ဖယောင်းတိုင်မီးရောင် မှိန်မှိန်လေးနဲ့ပဲ မှောင်မဲနေတယ်၊ သူ့အိမ်မှာက
မီးစက်လဲမရှိဘူး၊ သူ့ကိုကြည့်ပြီး ကျွန်တော်တို့လဲ အတော် သနားတယ်၊
ဘယ်သူမှလည်း သူ့ကိုဂရုစိုက်ကြမဲ့ပုံမပေါ်ဘူး”ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်နေအိမ်ဝင်းအတွင်းရှိ သစ်ပင်တပင်သည်
အမြစ်မှကျွတ်ထွက်ပြီး အိမ် အမိုးပေါ်သို့ ကျရောက်နေ၍ အမိုးများ
လန်ထွက်နေကြောင်းနှင့် အိမ်ပတ်လည်တွင် အစောင့်ချ ထားသော
စစ်သားများကလည်း ယခုအချိန်ထိ ဆိုက်ကလုံးမုန်တိုင်း တိုက်ပြီးကတည်းက
ပိနေတဲ့ ၎င်းသစ်ပင်ကို ရှင်းလင်းပေးခြင်းမရှိကြောင်း အဆိုပါ အိမ်နီးချင်းက
ဆက်လက် ပြောဆိုသည်။
ရန်ကုန်တိုင်းအတွင်းးရှိ နာဂစ်မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသော
အဆောက်အဦများ၊ သစ်ပင်များကို သက်ဆိုင်ရာ အာဏာပိုင်များက
ရှင်းလင်းလုပ်ဆောင်ပေးနေပြီဖြစ်ကြောင်း အစိုးရပိုင် သတင်းမီဒီယာများက
ကြေညာနေသော်လည်း အများပြည်သူများနေထိုင်သည့် ရပ်ကွက်များနှင့်
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပတ်ဝန်းကျင်တွင်
ရှိသော ပျက်စီးမှုများကို ယနေ့အချိန်ထိ
ပြုပြင်ရှင်းလင်းပေးခြင်းမရှိသေးချေ။ |