Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ဆန္ဒခံယူပွဲအား တရားမျှတအောင်လုပ်ဆောင်ပေးရမည်ဟု
ကုလလုံခြုံရေးကောင်စီ တောင်းဆို
တရုတ်နိုင်ငံက ဆုံးဖြတ်ချက်တွင် ပါဝင်လက်မှတ်ရေးထိုး 

ဉာဏ်မောင်။ မေ ၃၊ ၂၀၀၈ 

ယခုလအတွင်းပြုလုပ်မည့် ဆန္ဒခံယူပွဲတွင် စစ်အစိုးရအနေ ဖြင့် လွတ်လပ်ပြီး တရားမျှတမှုရှိအောင် လုပ်ဆောင်ပေးရ မည်ဟု ကုလသမဂ္ဂလုံခြုံရေးကောင်စီက တိုက်တွန်းလိုက် သည်။ 

ပြီးခဲ့သည့်သောကြာနေ့က လုံခြုံရေးကောင်စီအဖွဲ့ဝင် (၁၅) နိုင်ငံစလုံးမှ သဘောတူလက်မှတ် ရေးထိုးကာ စစ်အစိုးရအား ယင်းသို့ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။ 

အဆိုပါတိုက်တွန်းချက် ပထမမူကြမ်းနှစ်ခုကို တရုတ်နိုင်ငံက ကန့်ကွက်ခဲ့သော်လည်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်သည့် သက်သေခံအထောက်အထားများကို ချပြသည့် အခါမှသာ နောက်ဆုံးတွင် အဆိုပါလုံခြုံရေးကောင်စီကြေညာချက်ကို သဘော တူညီခဲ့သည်ဟု ဆိုသည်။ 

စစ်အစိုးရအနေဖြင့် အခြေခံ နိုင်ငံရေးလွတ်လပ်ခွင့်များကို လေးစားလိုက်နာရန်၊ နိုင်ငံရေးပါတီ များနှင့် နိုင်ငံရေးသမားများအားလုံး အပြည့်အ၀ပါဝင်ခွင့်ရှိရေးအပါအ၀င် ယုံကြည်စိတ်ချရသော လုပ်ငန်းစဉ်များနှင့် အပြုသဘောဆောင်သည့် နိုင်ငံရေးဝန်းကျင် အခြေအနေကောင်းများ တည်ဆောက်ပေးရန် လုံခြုံရေးကောင်စီကြေညာချက်တွင် ဖော်ပြထားသည်။  

ဆန္ဒခံယူပွဲအကြိုကာလနှင့်ပတ်သက်၍လည်း အဆိုပါကြေညာချက်တွင် လွတ်လပ်စွာ စုရုံးခွင့်၊ အသင်းအပင်းဖွဲ့စည်းခွင့်၊ ရေးသားဖော်ပြခွင့်နှင့် ဆန္ဒခံယူပွဲအား စောင့်ကြည့်မည့်သူများအား လွတ်လပ်စွာ လှုပ်ရှားသွားလာပိုင်ခွင့်တို့အား စစ်အစိုးရအနေဖြင့် အာမခံချက်ပေးရမည်ဖြစ်ပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် သက်သေပြသည့်အနေဖြင့် လုပ်ဆောင်ရမည်ဟ်ုဆက်လက်ဖော်ပြထားသည်။ 

“ကျနော်တို့ဟာ အပြုသဘောဆောင်တဲ့ သတင်းကောင်းပေးဖို့အတွက် သဘောတူညီခဲ့ကြတယ် ဆိုတာကို ယုံကြည်ပါတယ်၊ ဆန္ဒခံယူပွဲနဲ့ ရွေးကောက်ပွဲအခြေအနေတွေအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအထိတော့ သဘောတူလက်မှတ်ရေးထိုးဖို့ မလိုပါဘူး” ဟု ကုလဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာ ၀မ်ဂွန်ကျက ပြောသည်။ 

ယခုကြေညာချက်နှင့်ပတ်သက်၍ မြန်မာသံအမတ်ကြီး ဦးကျော်တင့်ဆွေက နိုင်ငံတခု၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ခြင်းဖြစ်သည်ဟု ပြင်းထန်စွာ ကန့်ကွက်ခဲ့ပြီး “အင်အား ကြီးမားသည့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များ၏ လုပ်ပိုင်ခွင့်များကို အသုံးပြု၍ အဖွဲ့ဝင်နိုင်ငံငယ် တခုအပေါ် ဖိအားပေးခြင်းသာဖြစ်သည်”ဟု ပြစ်တင်ပြောဆိုခဲ့သည်။ 

မြန်မာ့အရေးသည် ဒေသဆိုင်ရာ လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကိုသော်လည်းကောင်း နိုင်ငံတကာ ကိုသော်လည်းကောင်း  ခြိမ်းခြောက်မှုမရှိသည့်အတွက် ယခုကြေညာချက်သည် ထုံးတမ်း စဉ်လာတခုမဟုတ်ကြောင်း လုံခြုံရေးကောင်စီဥက္ကဌထံ မြန်မာသံအမတ်ကြီးက တင်ပြခဲ့သည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။ 

ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဇယ်မေခါလစ်(ဇ်)က အလွန်ကောင်းသော ကြေညာ ချက်ဖြစ်သည်ဟု ပြောဆိုလိုက်ပြီး “အခုဟာက လုံခြုံရေးကောင်စီကနေ မြန်မာအာဏာပိုင်တွေ အတွက် တောင်းဆိုချက်တခု ဖြစ်ပါတယ်၊ ဆန္ဒခံယူပွဲ၊ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဒီမိုကရေစီ ကို သွားမယ်ဆိုရင် အခြေခံလွတ်လပ်ခွင့်တွေကို ခွင့်ပြုပြီး ယုံကြည်လောက်တဲ့လုပ်ငန်းစဉ်တွေ လုပ်ကိုင်ဆောင်ရွက်ပေးဖို့ တောင်းဆိုထားပါတယ်”ဟု ပြောဆိုလိုက်သည်။ 

စစ်အစိုးရက ဆန္ဒခံယူပွဲမတိုင်မီ ပြီးခဲ့သည့် မေလ ဒုတိယပတ်အတွင်းမှစတင်ကာ နိုင်ငံရေးပါတီ များနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို နည်းမျိုးစုံဖြင့် အကြမ်းဖက်ရိုက်နှက်ခြင်း၊ ဖမ်းဆီး ခြင်းအပါအ၀င် ဆန္ဒခံယူပွဲတွင် ကန့်ကွက်မဲထည့်ရန် အတိုက်အခံများ၏ လှုပ်ရှားမှုများကို နှိမ်နင်းကာ ဖွဲ့စည်းပုံအတည်ပြုနိုင်ရေးအတွက် တဖက်သတ် ပြင်ဆင်မှုများပြုလုပ်နေစဉ် ကုလ လုံခြုံရေးကောင်စီ၏ ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com