|
အလုပ်သမားများ ပူးပေါင်းတောင်းဆိုမှုကြောင့် နစ်နာကြေးရရှိ
ရိုးမ ၃။ မေ ၁၇၊ ၂၀၀၈

မဲဆောက်ကျူးကီသိုးမွေးစက်ရုံတွင် အလုပ်လက်မဲ့ဖြစ်နေသည့်
အလုပ်သမားများနှင့် အလုပ် သမားအဖွဲ့များ ပူပေါင်းတောင်းဆိုခဲ့သည့်အတွက်
နစ်နာကြေးများရရှိခဲ့သည်။
လေးလကျော် အလုပ်လက်မဲ့ဖြစ်နေသည့် မြန်မာအလုပ်သမား ၃၆၄ ဦးအတွက်
စက်ရုံပိုင်ရှင်မှ လုပ်ခဖြတ်တောက်ခြင်းမရှိဘဲ
အလုပ်သမားများတောင်းဆိုခဲ့သည့် နစ်နာကြေး ဘတ်ငွေ ၁၀,၀၀၀ ကို ယခုလ (၁၅)
ရက်နေ့က ပေးလျှော်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ နစ်နာကြေးပေးလျှော်မှုနှင့်ပတ်သတ်၍ ကိုရန်နောင်ကျော်က
“အလုပ်ရှင်ဆီမှာ ကျနော် တို့က အလုပ်မရှိတဲ့အတွက်
အလုပ်သမားအဖွဲ့အစည်းတွေနဲ့တိုင်ပင်ပြီး တောင်းဆိုတဲ့အတွက် ကြောင့်
လုပ်အားခလဲမဖြတ်ဘူး၊ ပြောင်းရွှေ့ဖို့အတွက်လည်း
ဘတ်(အလုပ်သမားလက်မှတ်)တွေကို လွှဲပေးမယ်လို့ ပြောတယ်၊ နောက် တယောက်ကို
ဘတ်ငွေ ၁၀,၀၀၀ အလုပ်ရှင်က ပေးဖို့သဘောတူလိုက်တာ”ဟု ယမန်နေ့က
အလုပ်သမားများကျင်းပသည့် အခမ်းအနားတွင် ပြောဆိုသည်။
ကျူးကီစက်ရုံတွင် လေးလခန့် အလုပ်လက်မဲ့ဖြစ်နေသော အလုပ်သမားများအား
အခြားနေရာ တွင် အလုပ်သွားလုပ်ရန်ပြောဆိုသဖြင့်
နစ်နာကြေးများတောင်းဆိုကာ အလုပ်ထွက်လိုက်ရခြင်း ဖြစ်သည်ဟု ၎င်းက
ဆက်လက်ပြောဆိုသည်။
စက်ရုံတွင်အလုပ်မရှိသည့်နောက်ပိုင်း အလုပ်သမားများကို တနေ့ ၂၈
ဘတ်သာပေးထားပြီး ရေ၊ မီး ဖြတ်တောက်ခြင်းမရှိဘဲ
ထမင်းသုံးနပ်ကျွေးထားသည့်အတွက် အလုပ်သမားများက ဥပဒေ လမ်းကြောင်းအတိုင်း
တောင်းဆိုမှုများပြုလုပ်ရာ အလုပ်လက်မဲ့ဖြစ်နေသူများကို လုပ်အားခ ၅၀%
ခံစားခွင့်ကိုပါ အဆိုပါစက်ရုံပိုင်ရှင်မှ သဘောတူခဲ့ရသည်ဟု ဆိုသည်။
အလုပ်သမားများနစ်နာကြေးပေးရန် စာချုပ်ချုပ်ဆိုရာတွင်
အလုပ်သမားအဖွဲ့အစည်းမှ ကိုယ်စား လှယ်တဦးနှင့်
ဆ၀ါဒီကန်(အလုပ်သမားအခွင့်အရေး
ကာကွယ်ရေးရုံး)အရာရှိတဦး၊ စက်ရုံ မန်နေဂျာ ၃ ဦးတို့ဖြင့်
သဘောတူချုပ်ဆိုခြင်းဖြစ်ပြီး
ယခုကဲ့သို့ တောင်းဆိုရာတွင် သဘောမတူ သည့် အလုပ်သမားများမှာ စက်ရုံတွင်
ကျန်နေခဲ့ကြသည်။
ယခုကဲ့သို့ အလုပ်သမားများနစ်နာကြေးရရှိခဲ့ခြင်းမှာ အလုပ်သမားများ၏
ရင်းနှီးသွေးစည်းမှု၊ ညီညွှတ်မှုတို့အပြင် (BLSO)အပါအ၀င်
အခြားအလုပ်သမားအဖွဲ့အစည်းများက ပညာပေး
ပူးပေါင်းပါဝင်ဆောင်ရွက်မှုတို့ကြောင့်ဖြစ်သည်ဟု ဆက်လက်ပြောသည်။
ထို့အပြင် နစ်နာကြေးရရှိခဲ့သည့် အလုပ်သမား ၃၆၄ ဦးတို့က
မြန်မာနိုင်ငံမှ လေဘေးသင့်ဒုက္ခ သည်များအတွက် ဘတ်ငွေ ၁၁,၂၆၀ နှင့်
အခြားအ၀တ်အထည်များကို လှူဒါန်းလိုက်သည်။ |