|
ဆန္ဒခံယူပွဲကော်မရှင်ကို
ဖျက်သိမ်းရန်နှင့် မေလ (၁၀) ရက်နေ့ရလဒ်အား အသိမှတ်မပြုရန် ကုလနှင့်
နိုင်ငံတကာကို တိုက်တွန်း
ဗထူး။ မေ
၁၅၊ ၂၀၀၈
စစ်အစိုးရအနေဖြင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကော်မရှင်အား
ဖျက်သိမ်းရန်နှင့် မေလ (၁၀) ရက်နေ့ ဆန္ဒခံယူပွဲရလဒ်အား ကုသမဂ္ဂနှင့်
နိုင်ငံတကာမှ အသိအမှတ်မပြုရန် မြန်မာနိုင်ငံ ရှေ့နေများကောင်စီ(BLC) က
ယနေ့ သဘောထားထုတ်ပြန်တိုက်တွန်းလိုက်သည်။
ရန်ကုန်နှင့် ဧရာဝတီတိုင်း (၄၇) မြို့နယ်မှအပ ယခုလ (၁၀) ရက်နေ့က
ကျင်းပခဲ့သည့် ဆန္ဒခံ ယူပွဲတွင် စစ်အစိုးရအာဏာပိုင်များနှင့်
မဲရုံကော်မရှင်များက နည်းအမျိုးမျိုးဖြင့် ဖိအားပေး ခြိမ်းခြောက်ကာ
ထောက်ခံမဲရရှိရေး လုပ်ဆောင်ခဲ့ပြီးနောက် ယခုကြေညာချက် ထွက်ပေါ်လာ
ခြင်းဖြစ်သည်။
မေလ (၁၀)
ရက်နေ့တွင် စစ်အစိုးရပြုလုပ်ကျင်းပခဲ့သည့် ဆန္ဒခံယူပွဲသည် နိုင်ငံတကာရှိ
လျှို့ဝှက်မဲပေးစနစ်၊ လွတ်လပ်စွာ မဲပေးစနစ်များနှင့် မကိုက်ညီသည့်အပြင်
တည်ဆဲ ဆန္ဒခံယူပွဲ ဥပဒေချိုးဖောက်သူများနှင့် အားပေးသူများအား
အရေးယူဆောင်ရွက်ခြင်းမရှိကြောင်း (BLC)၏ ဥပဒေရေးရာသုံးသပ်ရေးအဖွဲ့မှ
တိုက်တွန်းချက်တွင် သုံးသပ်ဖော်ပြထားသည်။
မဲဆန္ဒရှင်တို့၏အိမ်သို့ ကိုယ်တိုင်သွားရောက်၍
အတင်းအဓမ္မထောက်ခံခိုင်းခြင်း၊ ကိုယ်စားဆန္ဒမဲ ပေးခွင့်ကို
ခွင့်ပြုခြင်း၊ ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်တို့က
ဆန္ဒခံယူပွဲဆိုင်ရာ လုပ်ငန်း လမ်းညွှန်ကို ချိုးဖောက်ခြင်း၊
မဲရေတွက်မှုကို မဲဆန္ဒရှင်များက ကြည့်ရှုခွင့်တောင်းဆိုသော်လည်း
ပြည်သူများမျက်ကွယ်၌ မဲရုံပိတ်၍ မဲရေတွက်ခြင်းတို့ကို ပြုလုပ်ခဲ့သည်ဟု
ဥပဒေကြောင်းအရ ထောက်ပြထားသည်။
ဆက်လက်၍
ဆန္ဒမဲပေးပိုင်ခွင့်အခွင့်အရေးကို ပိတ်ပင်ခြင်း၊ မဲရုံအဖွဲ့ဝင်များသည်
ဆန္ဒခံယူပွဲ ပျက်ပြားစေရန် မဲရုံအတွင်း၌ ဆန္ဒမဲပေးခြင်းကို
ဟန့်တားနှောင့်ယှက်ခြင်းတို့အပြင် ဤကဲ့သို့ လုပ်ဆောင်ခြင်းသည်
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် (၂၁) (ဂ) ကို
အတိအလင်း ဆန့်ကျင်ခြင်းဖြစ်သည်ဟု ဆိုသည်။
ထို့ကြောင့်
စစ်အစိုးရအနေဖြင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကော်မရှင်အား
ဖျက်သိမ်းရန်နှင့် ပြီးခဲ့သည့် မေလ (၁၀) ရက်နေ့က မတရားမှု၊ မသမာမှု၊
ဖိနှိပ်ချုပ်ချယ်ကန့် သတ်မှုများဖြင့်ပြု လုပ်ခဲ့သည့်
ဆန္ဒခံယူပွဲရလဒ်အား ကုလသမဂ္ဂနှင့် နိုင်ငံတကာမှ အသိအမှတ်မပြုရန် (BLC) က
တိုက်တွန်းထားသည်။ |