|
ကုလလသမဂ္ဂအကြီးအကဲ မြန်မာနိုင်ငံသို့ရောက်ရှိ
ဉာဏ်မောင်။
မေ ၂၂၊ ၂၀၀၈

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းသည်
ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ရောက်ရှိသွားခဲ့ သည်။
မြန်မာနိုင်ငံမှ လေဘေးသင့်ဒုက္ခသည်များအတွက်
နိုင်ငံတကာအကူညီများကို လက်ခံရန် စစ်အစိုးရအာဏာပိုင်များအား
တိုက်တွန်းပြောဆိုရန်နှင့် သဘာဝဘေးအန္တရာယ်ကျရောက်ရာ ဒေသများသို့လည်း
သွားရောက်ကြည့်ရှုရန်အတွက် ဖြစ်သည်။
အဆိုပါ ကုလအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကို
စစ်အစိုးရနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက မင်္ဂလာဒုံလေဆိပ်တွင်
ကြိုဆိုခဲ့ပြီး လေဘေးဒုက္ခသည်များအတွက် ဝမ်းနည်း ကြောင်း
မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးကာ ရွှေတိဂုံဘုရားသို့
သွားရောက်ဖူးမျှော်ခဲ့ သည်။
နေ့လည်ပိုင်းတွင် မစ္စတာဘန်ကီမွန်းနှင့် ကုလသမဂ္ဂကိုယ်စားလှယ်များသည်
မြန်မာအာဏာပိုင် များနှင့်အတူ နာဂစ်ဆိုက်ကလုံးမုန်တိုင်း
ပြင်းထန်စွာကျရောက်ခဲ့သည့် မြစ်ဝကျွန်းပေါ်ဒေသသို့ လုံခြုံရေးများဖြင့်
သွားရောက်မည်ဟုဆိုသည်။
ယမန့်နေက ဘန်ကောက်တွင်ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင်
“ကျွန်တော်တို့ ယနေ့လို အရေးပေါ်အစည်းအဝေးမျိုးကို တက်ရမည်ဆိုပါက
မြန်မာနိုင်ငံအတွက် ရေတိုရေရှည် အကူ အညီပေးရေးအစီအစဉ်များကို
ကျနော့်အနေနဲ့ ပြောရမှာဖြစ်ပါတယ်”ဟု မစ္စတာဘန်ကီမွန်းက
သတင်းထောက်များကို ပြောဆိုခဲ့သည်။
၎င်းခရီးစဉ်အတွင်း မစ္စတာဘန်ကီမွန်းသည် စစ်အစိုးရခေါင်းဆောင်
ဗိုလ်ချုပ်ကြီးသန်းရွှေနှင့် တွေ့ဆုံကာ နိုင်ငံတကာ
ကယ်ဆယ်ရေးလုပ်သားများနှင့် အကူညီများကို လက်ခံရန်တို့ တိုက်တွန်းပြောဆိုမည် ဖြစ်သည်။
နာဂစ်ဆိုက်ကလုံးမုန်တိုင်းကြောင့် ပျက်စီးသွားသော
မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသတွင် လိုအပ်သော
ဆောက်လုပ်ရေးလုပ်ငန်းများလုပ်ကိုင်ရန် အာဆီယံနိုင်ငံများအနေဖြင့်
စတင်လုပ် ဆောင်ပေးရမည်ဖြစ်ကြောင်းကိုလည်း ဆက်လက်ပြောဆိုခဲ့သည်။
မုန်တိုင်းကြောင့်သေဆုံးခဲ့ရသည့် လူသေအလောင်းများမှာ ဘင်္ဂလားပင်လယ်အော်
ကမ်းခြေ တလျှောက်တွင် ယခုချိန်ထိ မရှင်းလင်းရသေးကြောင်း
ကယ်ဆယ်ရေးလုပ်သားများမှ ဆိုသည်။
မြန်မာနိုင်ငံ၏ အဓိကစပါးစိုက်ပျိုးရာဒေသဖြစ်သည့်
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် မုန်တိုင်း ကြောင့် စပါးခင်းအမြောက်အများ
ပျက်စီးသွားရသည့်အပြင် လယ်ကွက်များတွင်
ဆားငံရေများ
ဝင်ရောက်မှုတို့ကြောင့် ပြန်လည်စိုက်ပျိုးရန်အတွက်ပါ
အခက်အခဲပြဿနာနှင့် ရင်ဆိုင်နေရ သည်။
ယင်းကဲ့သို့ ပျက်စီးဆုံးရှုံးမှုများနှင့်ပတ်သက်၍ မစ္စတာဘန်ကီမွန်းက
“မြန်မာအစိုးရဟာ အခုလို မျိုး ဒုက္ခရောက်ခဲ့ကြတာကို မြန်မာပြည်သူတွေနဲ့
နိုင်ငံတကာကို အကြောင်းကြား အသိပေးဖို့ ပျက်ကွက်ခဲ့တယ်၊ ကုလသမဂ္ဂစာရင်းအရဆိုရင် ဆိုက်ကလုံးမုန်တိုင်းကြောင့်
လူ (၁၃၀,၀၀၀)ကျော် သေဆုံးခဲ့ပြီး နှစ်သန်းကျော်တဲ့ပြည်သူတွေ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်”ဟု ဆိုသည်။
မစ္စတာဘင်ကီမွန်းသည် သောကြာနေ့ညတွင် ဘန်ကောက်မြို့သို့ ပြန်လာ၍
ထိုင်းဝန်ကြီးချုပ် မစ္စတာ စမတ်ဆန္ဒရာ ဗက်ခ်ျနှင့် တွေ့ဆုံမည်ဖြစ်ပြီး
တနင်္ဂနွေနေ့တွင် နာဂစ်မုန်တိုင်း အကူအညီ ပေးရေး နိုင်ငံတကာညီလာခံကို
တက်ရောက်ရန်အတွက် မြန်မာနိုင်ငံသို့ ပြန်လည်သွားရောက် မည်ဖြစ်သည်။ |