|
ကုလအကြီးအကဲ မြန်မာပြည်သို့ သွားရောက်မည်
ဉာဏ်မောင်။
မေ ၁၉၊ ၂၀၀၈

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းသည်
မြန်မာနိုင်ငံသို့ သွားရောက် ၍ မြန်မာစစ်ခေါင်းဆောင်များနှင့်
တွေ့ဆုံမည်။
နာဂစ်မုန်တိုင်းဒဏ်သင့် ဒုက္ခသည်များအတွက် နိုင်ငံတကာမှ ကယ်ဆယ်ရေး
ကျွမ်းကျင်လုပ် သားများ အမြန်ဆုံးသွားရောက်ခွင့်ပြုရန်ကိစ္စများ
ဆွေးနွေးရန်အတွက် လာမည့်ဗုဒ္ဓဟူးနေ့တွင် သွားရောက်မည်ဖြစ်ကြောင်း
ကုလအကြီးကဲ၏ ပြောရေးဆိုခွင့်ရှိသူ မစ္စ မီရှဲ မွန်တပ်စ်က ယမန် နေ့တွင်
ပြောကြားလိုက်ခြင်းဖြစ်သည်။
၎င်း၏ (၃)ရက် ကြာခရီးစဉ်အတွင်း မည်သည့်ခေါင်းဆောင်များနှင့် တွေ့ဆုံမည်ကို
ကုလသမဂ္ဂမှ တရားဝင်သတင်းထုတ်ပြန်ခြင်း မပြုသော်လည်း
ဆိုက်ကလုန်းမုန်တိုင်းဒဏ် အများဆုံးခံခဲ့ရ သော
ရန်ကုန်တိုင်းနှင့်ဧရာဝတီတိုင်းများသို့ သွားရောက်မည်ဖြစ်သည်။
“ဒီခရီးစဉ်ရဲ့ အဓိကရည်ရွယ်ချက်က ဒုက္ခသည်တွေဆီကို ကယ်ဆယ်ရေးအကူအညီတွေ
အမြန် ဆုံးရောက်ရှိအောင် အရှိန်အဟုန်မြှင့်ဆောင်ရွက်ဖို့ ဖြစ်တယ်၊
မစ္စတာဘန်ကီမွန်းအနေနဲ့ လက်ရှိ အခြေအနေနဲ့ ပတ်သက်ပြီး လျှင်မြန်စွာ
လုပ်ကိုင်ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်နေတယ်” ဟု ကုလအကြီးကဲ
ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
စစ်အစိုးရ၏ နိုင်ငံခြားကယ်ဆယ်ရေးလုပ်သားများနှင့် အကူအညီများကို
မြန်မာပြည်တွင်းသို့ ဝင်ရောက်ရန် ငြင်းဆန်နေမှုကြောင့် သန်းနှင့်ချီသည့်
လေဘေးသင့် ဒုက္ခသည်များ အစာရေစာ ငတ်ပြတ်နေမှုနှင့် ကူးဆက်ရောဂါများ
ဖြစ်ပွားနေလျှက်ရှိသည်။
စစ်အစိုးရအာဏာပိုင်များက ထိုင်းနိုင်ငံတွင် စောင့်နေကြသည့်
နိုင်ငံခြားကယ်ဆယ်ရေး လုပ် သားများကို ပြည်ဝင်ခွင့်ဗီဇာ ထုတ်မပေးဘဲ
၎င်းတို့လက်အောက်ခံ အဖွဲ့များမှတဆင့် ကယ်ဆယ် ရေးအကူအညီပစ္စည်းများ
ဖြန့်ဖြူးရန် ပစ္စည်းအချို့ကိုသာ လက်ခံခဲ့သည်။
ကုလအထွေထွေအတွင်းရေးမှူးချုပ်က အဆိုပါခရီးစဉ်အတွင်း
မြန်မာအစိုးရထိပ်ပိုင်း စစ်ခေါင်း ဆောင်များနှင့် တွေ့ဆုံ၍
အစည်းအဝေးပြုလုပ်မည်ဖြစ်ပြီး ကုလသမဂ္ဂအနေနှင့် မြန်မာအာဏာ
ပိုင်တို့နှင့်ပူးပေါင်းကာ နိုင်ငံတကာကယ်ဆယ်ရေးပစ္စည်းများ
အမြန်ဆုံးဖြန့်ဝေရေးကို ကြိုးစား ဆောင်ရွက်ကြမည်ဖြစ်သည်ဟု သူမက
ဆက်လက်ပြောဆိုသည်။ |