|
မုန်တိုင်းဒဏ်ကြောင့်
ကုန်ဈေးနှုန်းမြင့်တက်လာပြီး အချို့နေရာများတွင် လုယက်မှုဖြစ်ပွား
ဗထူး။ မေ ၅၊ ၂၀၀၈
နာဂစ်မုန်တိုင်းဒဏ်ကြောင့် ရန်ကုန်မြို့သည် အပျက်အစီးများပြားကာ
ကုန်ဈေးနှုန်းများ မြင့်တက်လာနေပြီး အချို့နေရာများတွင်
လုယက်မှုများဖြစ်ပေါ်ခဲ့သည်။
မုန်တိုင်းဒဏ်ခံရသည့် လူအများစုမှာ အချိန်မှီ သောက်သုံးရေ၊
အစားအစာနှင့် လိုအပ်သည့် ကူညီမှုများကို မရရှိဘဲဖြစ်နေသဖြင့်
ကုန်ဈေးနှုန်းများမြင့်တက်ကာ လုယက်မှုများ ဖြစ်ပေါ်နေ ခြင်းဖြစ်သည်။
နိုင်ငံတကာမှ လူသားချင်းစာနာသည့် ကူညီထောက်ပံ့မှုများပေးရန် ပြင်ဆင်ကာ
အဆင်သင့် ဖြစ်နေချိန်တွင် စစ်အစိုးရက အဆိုပါကိစ္စနှင့်ပတ်သက်၍ လက်ခံမည်
လက်မခံမည်ကို ယခု အချိန်ထိ တုံ့ပြန်ပြောဆိုခြင်းမရှိသေးပေ။
ရန်ကုန်မြို့တွင်း စားသောက်ကုန်ဈေးနှုန်း မြင့်တက်လာမှုနှင့်ပတ်သက်၍
မြို့ခံတဦးက “ရေသန့် တဗူးကို ၁,၂၀၀ နဲ့ တန်းစီဝယ်ရတယ်၊
အိမ်တိုင်ယာရောက်မှာရင် ၁,၈၀၀၊ ရေသန့်ဗူးက အရင် က ၄၀၀ ကျပ်ပဲ၊
ကြက်ဥကတလုံး ၄၀၀၊ မီးသွေးတအိတ်က ၈,၀၀၀ ထိ ဖြစ်သွားပြီ၊ ဆိုင်တွေ ကတော့
ဆန်ကို လုံးဝမရောင်းတော့ဘူး”ဟု ပြောဆို သည်။
သိမ်ကြီးဈေးတွင် မီးလောင်မှုဖြစ်ပွားပြီး လှိုင်သာယာဈေးမှာ
မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွား ခဲ့ကြောင်း ပြောဆို၍ ၎င်းက
“ဒီနေ့မနက်ပိုင်းက ယုဇနပလာဇာမှာ လုယက်မှုဖြစ်တယ်၊ ဘုရား ပေါ်က
ပစ္စည်းတွေပြုတ်ကျလို့ ရွှေတိဂုံကိုလည်း ခဏပိတ်ထားတယ်”ဟု ဆက်လက်ပြောဆို
သည်။
စစ်အစိုးရက မုန်တိုင်းတိုက်ခတ်မှုကြောင့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊
ပဲခူးတိုင်း၊ ကရင်ပြည် နယ်နှင့် မွန်ပြည်နယ်များကို အရေးပေါ်အခြေအနေများ
ကြေညာထားပြီး ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်နေကြောင်းနှင့်
မုန်တိုင်းကြောင့် လူပေါင်း (၃၅၀) ကျော် သေဆုံးခဲ့ ကြောင်းကို
စစ်အစိုးရမီဒီယာများက ကြေညာခဲ့သည်။
တနာရီ
မိုင် (၁၂၀) ကျော် တိုက်ခတ်ခဲ့သည့် မုန်တိုင်းဒဏ်ကြောင့် ပြည်နယ်နှင့်
တိုင်း ငါးနေရာ တွင် အပျက်အစီးနှင့် လူအသေအပျောက် များပြားခဲ့သော်လည်း
တယ်လီဖုန်းလိုင်းနှင့် ဆက် သွယ်ရေးပြတ်တောက်မှုများကြောင့်
မုန်တိုင်းဒဏ်အဆိုးဝါးဆုံးခံခဲ့ရသည့် ဧရာဝတီတိုင်းရှိ
မြို့နယ်အချို့တို့၏ အခြေအနေမှန်များကို မသိရှိရသေးပေ။ |