Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

 တောင်ဒဂုံတွင် လူထုနဲ့အာဏာပိုင် ရုန်းရင်းဆန်ခတ်ဖြစ်
ရာအိမ်မှူးအိမ်ကို လူထုကဖြိုဖျက်ခဲ့
 

ရိုးမ ၃။ မေ ၂၁၊ ၂၀၀၈ 

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)တွင် ဒုက္ခသည်များအတွက် ပစ္စည်းများအား ပေးဝေခြင်း မပြုဘဲ ကိုယ်ကျိုးအတွက်သုံးစွဲသည့် အာဏာပိုင်များနှင့် ပြည်သူများ ရုန်းရင်းဆန်ခတ်ဖြစ်ကာ ရပ်ကွက်လူထုက ရာအိမ်မှူးအိမ်အား ဖြိုဖျက်ခဲ့သည်။ 

တောင်ဒဂုံ (၇၁) ရပ်ကွက်မှ ရာအိမ်မှူး ဦးသိန်းအောင်က နေအိမ်တွင် ကိုယ်ကျိုးအတွက် ဆန်များသိုလှောင်ထားပြီး ဒုက္ခသည်များအား ဆန်ပေးဝေသည့်အခါ ဆဲဆိုကြိမ်းမောင်းခဲ့သဖြင့် ရပ်ကွက်နေပြည်သူများက ၎င်းး၏အိမ်အား ဖြိုဖျက်ခဲ့ခြင်းဖြစ်သည်။ 

“ဖြစ်တာက မနေ့က ည (၁၀) နာရီလောက်မှာ၊ ရာအိမ်မှူးအိမ်နဲ့ ဝေါဗွီးရှင်းအဖွဲ့က အဖွဲ့ဝင် တယောက်အိမ်လည်း ပါတယ်၊ သူတို့အိမ်မှာ ဆန်နဲ့ တခြားပစ္စည်းတွေ ယူထားကြတယ်၊ ပစ္စည်း ဝေတော့လဲ ဘက်လိုက်မှုတွေလုပ်တော့ ရပ်ကွက်က ဒေါသထွက်နေတဲ့လူတွေက လုပ်တာ” ဟု အဆိုပါရပ်ကွက်နေသူတဦးက ပြောသည်။ 

ယင်းကဲ့သို့ အိမ်ကိုဖြိုဖျက်နေစဉ် ရာအိမ်မှူးနှင့်ဇနီးမှာ ထွက်ပြေးသွားပြီး စစ်တပ်နှင့် ရဲတပ်ဖွဲ့မှ ရောက်ရှိလာသဖြင့် ည (၁၂) နာရီလောက်တွင် အခင်းဖြစ်ပွားမှုပြီးဆုံးသွားသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ 

အလားတူ အဆိုပါရပ်ကွက်ရှိ (ရယက)ရုံးတွင် လေဘေးသင့်သူများအားမဝေဘဲ ဆန်များ သိမ်းဆည်းထားသဖြင့် ရပ်ကွက်လူထုက (ရယက)ဥက္ကဋ္ဌ ဦးအောင်ကြည်သိန်းအား လိုက်လံ ရှာဖွေ၍ ဖမ်းဆီးရန် ကြိုးပမ်းခဲ့သည်။ 

“ဖမ်းမလို့လိုက်ရှာတုန်း ရဲတွေက ဒုတ်တွေဒိုင်းတွေနဲ့ရောက်လာပြီး လူတွေကိုခြိမ်းခြောက်တော့ ရပ်ကွက်လူထုကလည်း ဒုတ်တွေဓားတွေဆွဲပြီး အကြီးအကျယ်ဖြစ်မလို့ပဲ၊ သေနတ်နှစ်ချက် ဖောက်လိုက်တော့မှ လူစုကွဲသွားတယ်”ဟု ရပ်ကွက်နေသူတဦးက ပြောသည်။ 

ဒဂုံမြို့သစ်(တောင်ပိုင်း)၊ (၇၁) ရပ်ကွက်တွင် အိမ်ခြေ တထောင်ကျော်ခန့်ရှိပြီး မုန်တိုင်းဒဏ် ကြောင့် ပြည်သူအများမှာ စားဝတ်နေရေးကြပ်တည်းနေပြီး စစ်အစိုးရလက်အောက်ခံအဖွဲ့များမှ လေဘေးသင့်ပြည်သူများအား ပေးဝေမည့်  ပစ္စည်းများအား ကိုယ်ကျိုးရှာသုံးစွဲခြင်း၊ ရောင်းချ ခြင်းများ ပြုလုပ်နေသဖြင့် ရပ်ကွက်အတွင်း မကျေနပ်မှုများ တိုးပွားလာနေခြင်းဖြစ်သည်။ 

“ကြံ့ခိုင်ရေးအဖွဲ့က ကိုစိန်လင်း၊ မအေးမှုံ၊ အမျိုးသမီးရေးရာက မအေးမူ၊ မမူမူအေး၊ သူတို့ အိမ်မှာ ဆန်တွေယူထားတာတွေ့တယ်၊ ဥက္ကဋ္ဌ ဦးအောင်ကြည်သိန်းအိမ်မှာက သွပ်အချပ် ၅၀ နဲ့ ဆန် ၃ အိတ် တွေ့တယ်၊ ဒုက္ခသည်တွေကို နည်းနည်းပဲပေးပြီးတော့ သူတို့ယူထားကြတာလေ” ဟု ရပ်ကွက်နေသူတဦးက ပြောသည်။ 

ပြည်သူများအား ဆန်ဝေစဉ် ဥက္ကဋ္ဌဦးအောင်ကြည်သိန်း ဆက်ဆံပုံနှင့်ပတ်သက်၍ မျက်မြင် တဦးက “မင်းတို့ဆင်းရဲသားတွေ၊ စောက်သုံးလဲမကျတဲ့ကောင်တွေ၊ မင်းတို့ ဘာလား ညာလားဆိုပြီး ကြိမ်းမောင်းတာတွေ လုပ်တယ်၊ ပြီးတော့ လာတန်းစီတဲ့အထဲက အမျိုးသမီး နှစ်ယောက်ဆိုရင် လက်သီးနဲ့ ဗိုက်ကို အထိုးခံလိုက်ရတယ်”ဟု ပြောဆိုခဲ့သည်။ 

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com