Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

လေဘေးဒုက္ခသည်များကို အာဏာပိုင်များ ရိုက်နှက်ဖမ်းဆီးပြီး ကျေးရွာများသို့ပြန်ပို့နေ 

ဖြိုးကြီး။ မေ ၂၁၊ ၂၀၀၈ 

ကားလမ်းဘေးတလျှောက်တွင် ကယ်ဆယ်ရေးပစ္စည်းများ ထွက်တောင်းနေကြသည့် လေဘေး ဒုက္ခသည်များကို အာဏာပိုင်များက ရိုက်နှက်ပြီး အချို့ကို ဖမ်းဆီးကာ ကျေးရွာများသို့ အတင်းအကြပ် ပြန်ပို့နေသည်။ 

ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်း-ဘိုကလေးကားလမ်းတလျှောက်တွင် အလှူရှင်များကို မျှော်နေကြ သည့် လေဘေးဒုက္ခသည်များကို ရဲက ပစ္စည်းများထွက်မတောင်းရန် ပြောဆိုရိုက်နှက်ပြီး ဖမ်းဆီးမှုများပြုလုပ်ကာ ကျေးရွာများသို့ ပို့ဆောင်နေခြင်းဖြစ်သည်ဟု ကိုယ်တိုင်သွားရောက် ခဲ့သူတဦးက ယနေ့ပြောဆိုလိုက်ခြင်းဖြစ်သည်။ 

ကွမ်းခြံကုန်း-ဘိုကလေးကားလမ်းဘေးတလျှောက်ရှိ ဒုက္ခသည်များ အခြေအနေနှင့်ပတ်သက်၍ “လမ်းဘေးတလျှောက် ရှင်းနေကြတယ်၊ ရဲကားတွေ ခပ်လှမ်းလှမ်းမှာ တစီးစီချထားပြီးတော့ အဲမှာရှိတဲ့သူတွေကို တုတ်တွေနဲ့ လိုက်ရိုက်တာ၊ ပြေးကြလွှားကြနဲ့ ဖြစ်နေတာ၊ ပုဂ္ဂလိက အလှူ ရှင်တွေကတော့ တော်တော်လေးလှူကြတယ်”ဟု ကိုယ်တိုင်သွားရောက်ခဲ့သူ (HRDP)အဖွဲ့ဝင် တဦးက ပြောသည်။ 

ထို့အပြင် ဘိုကလေးမြို့ပေါ်မှ ဘေဘေးသင့်ဒုက္ခသည်များကို အာဏာပိုင်များက သင်္ဘောများ ဖြင့် အတင်းဖမ်းဆီးကာ ကျေးရွာများသို့ ပြန်လည်ပို့ဆောင်နေ၍ ကြိမ်ချောင်းကြီးကျေးရွာသို့ သွားသည့် သင်္ဘောတစင်းမှာ နစ်မြုပ်သွားပြီး အသေအပျောက်ကို မသိရှိရသေးကြောင်း ၎င်းက ဆက်လက်ပြောသည်။ 

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မြန်မာနိုင်ငံသို့လာရောက်၍ လေဘေးသင့်ဒေသ များကို ကြည့်ရှုမည်ဖြစ်သဖြင့် ယခုကဲ့သို့ အတင်းအဓမ္မ နေရပ်ရင်းသို့ ပြန်လည်ပို့ဆောင်နေခြင်း ဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။ 

“အရင်ရက်တွေကဆို ဘာမှမတွေရဘူး၊ အခု ဘိုကလေးမြို့စွန်ဘက်မှာ မိုးကာအပြာနဲ့ တဲတွေ ထိုးထားပြီး စစ်သားတွေကို အစောင့်ချထားတယ်၊ နယ်တွေကတက်လာတဲ့ ဒုက္ခသည် တော်တော်များများကိုလည်း ညဘက်ဆို သင်္ဘောတွေနဲ့ ခေါ်သွားတာတွေလုပ်တယ်၊ အခု တရက်နှစ်ရက်အတွင်းမှာ လုပ်လာတာ”ဟု ပြောဆိုသည်။ 

စစ်အစိုးရအနေဖြင့် နာဂစ်မုန်တိုင်းဒဏ်ခံစားခဲ့ရသည့် ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်း များ လုပ်ကိုင်ပြီးဆုံး၍ ဒုတိယအဆင့် ပြန်လည်တည်ထောင်ရေးလုပ်ငန်းများကို စတင်လုပ်ကိုင် နေသည်ဟု ယခင်ရက်ပိုင်းက စစ်အစိုးရပိုင်မီဒီယာများမှ ဖော်ပြနေလျှက်ရှိသည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com