|
ဒုက္ခသည်အဖြစ်
အသိအမှတ်မပြုသည့်အတွက် မအူပင်မြို့တွင် အခက်အခဲဖြစ်နေ
ဗထူး။ မေ
၂၁၊ ၂၀၀၈
လေဘေးသင့်ဒေသအဖြစ် သတ်မှတ်ခြင်းမခံရသည့်
မြို့နယ်အတွင်းမှ ဒုက္ခသည်များမှာ အကူအညီမရရှိသဖြင့်
အခက်အခဲဖြစ်နေရသည်။
စစ်အစိုးရအာဏာပိုင်များက
မအူပင်မြို့နယ်အတွင်းမှ ဒုက္ခသည်များကို အသိအမှတ်မပြုထား သည့်အတွက်
ရပ်ရွာအတွင်းမှစေတနာရှင်များက လာရောက်ကျွေးမွေးသည်များနှင့် ရပ်တည်
နေရကြောင်း မအူပင်ဒေသခံတဦးက ဆိုသည်။
စစ်အစိုးရက ယခုလဆန်းပိုင်းတွင်
ရန်ကုန်တိုင်းမှ မြို့နယ် (၄၀) နှင့် ဧရာဝတီတိုင်းမှ (၇)
မြို့နယ်တို့အား သဘာဝဘေးအန္တရာယ်ကျရောက်ရာ ဒေသများအဖြစ် သတ်မှတ်ခဲ့ရာ
ကျန်ပြည်နယ်တိုင်းအချို့ရှိ ကျေးရွာများတွင်လည်း
ပျက်စီးဆုံးရှုံးမှုများရှိခဲ့ရာ ဧရာဝတီတိုင်း အတွင်းမှ မြောင်းမြနှင့်
မအူပင်မြို့နယ်များလည်း ပါဝင်သည်။
“မအူပင်မှာ စာရင်းမ၀င်တဲ့ဒုက္ခသည် မြို့ပေါ်
(၁၂) ရပ်ကွက်၊ ကျေးရွာအုပ်စု (၇၆) အုပ်စုရှိတာ၊ အားလုံးဆိုရင် (၈၀)
ရာခိုင်နှုန်းလောက် ပျက်စီးသွားတယ်၊ ဒီမှာက ရေမတက်လို့ အသက်ဆုံးရှုံး
တာတော့ မရှိဘူး၊ နေအိမ်အဆောက်အဦတွေတော့ ပျက်စီးသွားတယ်၊ ဒုက္ခသည်အဖြစ်
အသိမှတ်မပြုတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ နေရတယ်”ဟု ပြောသည်။
မအူပင်မြို့ပေါ်တွင် ဒုက္ခသည်စခန်း (၈)
ခုရှိပြီး ဗောဓိကျောင်း၊ ဓမ္မာရုံကျောင်း၊ ကုန်တိုက် ဟောင်းနှင့်
စာသင်ကျောင်းများတွင် ဖွင့်လှစ်ထားကာ ဘိုကလေး၊ မော်လမြိုင်ကျွန်းနှင့်
မအူပင် မြို့နယ်အတွင်း ကျေးရွာများမှ ဒုက္ခသည်များကိုထားရှိသည်။
အဆိုပါလေဘေးဒုက္ခသည်များအတွက် အာဏာပိုင်များက
နေရာချထားပေးခြင်းမရှိခြင်း ကြောင့်
မြို့ခံလူထုနှင့် ရန်ကုန်မှလာရောက်၍ ပုဂ္ဂလိကလှူဒါန်းမှုများအပေါ်တွင်
မှီခို စားသောက်နေရသည်ဟု ဆိုသည်။
“အခုဆိုရင် တောင်သူလယ်သမားတွေမှာ
တော်တော်အခက်အခဲဖြစ်လာတယ်၊ တချို့ဆိုရင် တဲအိမ်တွေတောင်မှ
ပြန်မပြင်နိုင်သေးဘူး၊ မိုးရေထဲမှာ ဘုန်းကြီးကျောင်းကပ်နေရတာတွေ
ရှိတယ်၊ နီးစပ်ရာအိမ်မှာ ကပ်နေရတာတွေလဲရှိတယ်”ဟု မျက်မြင်သက်သေတဦးက
ပြောသည်။
မအူပင်မြို့နယ်အတွင်း ကျေးရွာမှလယ်သမားတဦးက
“ အခု လယ်ဆင်းချိန်ရောက်လာတဲ့အခါ ကျတော့ လယ်တွေထဲမှာ
ရေတွေတင်ကျန်ခဲ့တော့ စိုက်ရေးပျိုးရေး ဘာမှလုပ်လို့မရတော့ဘူး၊
မျိုးစပါးကလဲ ရေတွေစိုသွားတော့ အခုစိုက်ရတဲ့အချိန်မှာ
အကုန်မရှိဖြစ်နေတယ်၊ မျိုးစပါးကလဲ တော်တော်လေး အခက်အခဲဖြစ်နေပါတယ်၊
မအူပင်မှာ လယ်စိုက်ဧက သိန်းချီရှိတယ်၊ သေချာ တာတော့ လယ်သမား (၈၀)
ရာခိုင်နှုန်းက ဘာမှမလုပ်နိုင်တော့ဘူး”ဟု ပြောဆိုခဲ့သည်။ |