|
နာဂစ်မုန်တိုင်းကြောင့် ရန်ကုန်တွင်
အပျက်အစီးများပြား
ရိုးမ ၃။ မေ
၃၊ ၂၀၀၈
ယမန်နေ့
ညနက်ပိုင်းမှ စတင်ဝင်ရောက်လာသည့် အင်အားပြင်းထန်သော နာဂစ်မုန်တိုင်း
တိုက်ခတ်မှုကြောင့် ရန်ကုန်မြို့တွင် လူနေအဆောက်အဦးများနှင့် လမ်းများ
မြောက်မြားစွာ ပျက်စီးခဲ့သည်။
ဘင်္ဂလားပင်လယ်အော်မှ စတင်ဖြစ်ပေါ်ခဲ့သည့် တနာရီလျှင် ၁၉၂ ကီလိုမီတာ
အင်အားရှိသည့် မုန်းတိုင်းဒဏ်ကြောင့် ယခုကဲ့သို့ အပျက်အစီးများစွာ
ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
မုန်တိုင်းဒဏ်ကြောင့် အဆောက်အဦးအမိုးများ ကွာကျခြင်း၊
သစ်ပင်များပြိုလဲသဖြင့် လမ်းများ ပိတ်ဆို့သွားပြီး ရပ်တန့်ထားသည့်
ကားအစီးပေါင်းများစွာ ပျက်စီးဆုံးရှုံးကာ ဖုန်းလိုင်း၊ မီးလိုင်း များ
ပျက်စီးပြတ်တောက်နေပြီး အများပိုင်နှင့် ပုဂ္ဂလိကပိုင် ဂြိုလ်တုစလောင်း
အားလုံးနီးပါးမှာ လည်း ကျိုးကျပျက်စီးနေသည်ဟု ဆိုသည်။
ဆင်ဟွာသတင်းတွင် သောကြာနေ့ ညလယ်မှ ယနေ့ ညနေပိုင်းအထိ ၁၀ နာရီကျော်
တိုက်ခတ် ခဲ့သည့် နာဂစ်မုန်တိုင်းဒဏ်ကြောင့်
ခန့်မှန်းမရနိုင်လောက်အောင် ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်ဟု
ဖော်ပြထားသည်။
စစ်အစိုးရကလည်း ကာကွယ်ရေးနှင့် ထူထောင်ရေးလုပ်ငန်းများကို
အမျိုးသားအဆင့်အနေဖြင့် မြန်ဆန်ထိရောက်စွာ
ဆက်စပ်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်နှင့် တိုင်း (၅) နေရာအား
အရေးပေါ်အခြေအနေ ကြေညာကာ အမိန့်အမှတ် (၄/၂၀၀၈) ကို ထုတ်ပြန်ခဲ့သည်။
စစ်အစိုးရ၀န်ကြီးချုပ်ခေါင်းဆောင်သည့် အမျိုးသားသဘာဝဘေးကယ်ဆယ်ရေး
အစည်းအဝေး တရပ်ကို ယနေ့နံနက်ပိုင်းက နေပြည်တော်
ဝန်ကြီးများအစည်းအဝေးခမ်းမတွင် ကျင်းပခဲ့ပြီး မုန်းတိုင်းကျရောက်ရာ
ဒေသများသို့ သက်ဆိုင်ရာဝန်ကြီးများ ထွက်ခွာသွားသည်ဟု စစ်အစိုးရပိုင်
ရုပ်သံအစီအစဉ်က ယနေ့ နေ့လည်ပိုင်းတွင် ကြေညာသွားခဲ့သည်။
ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းမှ ယမန်နေ့နံနက်မှ စတင်တိုက်ခတ်ခဲ့သည့်
အဆိုပါမုန်တိုင်းသည် ပုသိမ်၊ မြောင်းမြ၊ လပွတ္တာ၊ မော်လမြိုင်ကျွန်း၊
ကျုံမငေး၊ ဘိုကလေး၊ ချောင်းသာ၊ ငွေဆောင်၊ သာယာဝတီနှင့် ဂွမြို့တို့အား
ဖြတ်သန်းတိုက်ခတ်သွားချိန်တွင် တနာရီလျှင် ကီလိုမီတာ ၁၂၀ နှုန်းဖြင့်
တိုက်ခတ်ခဲ့သည်။
စစ်အစိုးရအနေဖြင့် မုန်တိုင်းဒဏ်ကြောင့်
မည်မျှပျက်စီးဆုံးရှုံးသည်ဆိုသည်ကိုမူ ယခုအချိန် အထိ
ကြေညာနိုင်ခြင်းမရှိသေးပေ။ |