Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

ဖွဲ့စည်းပုံကို အတည်မပြုနိုင်ကြောင်း မွန်ပြည်သစ်ပါတီပြောဆို 

ဗထူး။ မေ ၃၀၊ ၂၀၀၈ 

 

မွန်ပြည်သစ်ပါတီအလံ

 

တဖက်သတ်ရေးဆွဲကာ ဆန္ဒခံယူ၍ ပြုလုပ်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေအား အတည်မပြုနိုင် ကြောင်း မွန်ပြည်သစ်ပါတီ(NMSP) ပြောရေးဆိုခွင့်ရှိသူက ယနေ့ပြောဆိုလိုက်သည်။ 

စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ရေးထိုး၍ ကြေညာချက်အမှတ် (၇/၂၀၀၈) ဖြင့် ပြည်ထောင်စုသမ္မတနိုင်ငံ ဖွဲ့စည်းပုံအုပ်ချုပ်ပုံအခြေခံဥပေဒေအား ယမန်နေ့က အတည်ပြုပြဌာန်းလိုက်ခြင်းအပေါ် (NMSP)က ပြောဆိုလိုက်ခြင်းဖြစ်သည်။ 

ဆန္ဒမဲပေးသူများအနက်မှ (၉၂.၄၈) ရာခိုင်နှုန်းက ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအား အတည် ပြုရန်အတွက် ဥပဒေနှင့်အညီ ထောက်ခံကြောင်း အစီရင်ခံထားသည့်အတွက် အတည်ပြု ကြောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ထုတ်ပြန်ချက်ကို ယနေ့ထုတ်မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားခြင်းဖြစ်သည်။ 

“စပြီးရေးဆွဲကတည်းက ကျနော်တို့ကန့်ကွက်ပြီးသားပါ၊ (SPDC)ခေါင်းဆောင် လုပ်ချင်သလို လုပ်၊ ဒါ ပြည်သူတွေရဲ့ ဆန္ဒအစစ်အမှန်မဟုတ်ဘူး၊ ပြည်သူတွေအတွက် ကောင်းမွန်တဲ့အကျိုး ကို မဖော်ဆောင်နိုင်ဘူးလို့ ယုံကြည်တယ်၊ ကျနော်တို့လည်း ပါဝင်ပတ်သက်မှုမရှိတဲ့အတွက် ကြောင့် အတည်မပြုနိုင်ပါဘူး”ဟု (NMSP)ပြောခွင့်ရပုဂ္ဂိုလ် နိုင်အောင်မငေးက ပြောဆိုသည်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေအစပြုစဉ်ကတည်းက အမျိုးသားညီလာခံမှ နှုတ်ထွက်ခဲ့ပြီးနောက်ပိုင်း စစ်အစိုးရက ဆက်လက်၍ ဖွဲ့စည်းပုံရေးဆွဲခဲ့ရာ သဘောမတူသည့်အတွက် မွန်ပြည်သူများအား ကန့်ကွက်မဲပေးရန်ပြောဆိုထားပြီးဖြစ်သဖြင့် ယခုဖွဲ့စည်းပုံအား အတည်မပြုနိုင်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ 

ဆန္ဒမဲပေးသူဦးရေ၏ (၉၂.၄၈) ရာခိုင်နှုန်းမှ ဥပဒေနှင့်အညီထောက်ခံသည့်အတွက် အတည်ပြု သည်ဟု ယမန်နေ့က စစ်အစိုးရ၏ ဖွဲ့စည်းပုံအတည်ပြုကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်း ရေးသားထားသည်။

မွန်ပြည်နယ်အတွင်း စစ်အစိုးရက ဆန္ဒခံယူပွဲကာလအတွင်း မဲဆန္ဒရှင်ပြည်သူများအပေါ် ဥပဒေ နှင့်မညီညွတ်ဘဲ အတင်းအကြပ် ဖိအားပေးခဲ့ပုံနှင့်ပတ်သက်၍ နိုင်အောင်မငေးက “ထင်ထင် ရှားရှား အချက်က ကျနော်တို့ဒေသမှာ မဲပုံးကို ပြည်သူတွေရဲ့ရှေ့မှာ မဖွင့်ဘူး၊ မဲလာပေးတဲ့ လူကိုလည်း ထောက်ခံမဲထည့်ရမယ်လို့ ခြိမ်းခြောက်တယ်၊  ကန့်ကွက်မဲပေးရင် မိမိဘာသာမိမိ ဖြေရှင်းရမယ်လို့ ပြောတယ်၊ တကယ်ဆန္ဒမဲအစစ်အမှန်မဟုတ်ဘဲ မိသားစုတခုလုံးမှာ တယောက်တည်းလာထည့်လို့ရတယ်ဆိုပြီး လုပ်ဆောင်ခဲ့တဲ့ သက်သေအထောက်အထားတွေ ရှိပါတယ်”ဟု ပြောဆိုသည်။ 

မွန်ပြည်သစ်ပါတီအနေဖြင့် မိမိတို့ပြည်သူကို ကိုယ်စားပြုသည့် ပါတီတရပ်ဖြစ်ပြီး မွန်အမျိုးသား များကို ဦးဆောင်နေသည့် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့်အတွက် မိမိတို့အမျိုးသားများ အတွက် မားမားမတ်မတ် ရပ်တည်သွားမည်ဟု နိုင်အောင်မငေးက ပြောသည်။ 

မွန်ပြည်သစ်ပါတီသည် ၁၉၉၄ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲခဲ့ပြီးနောက် အမျိုးသား ညီလာခံသို့ တက်ရောက်ခဲ့ပြီး အထူးဖိတ်ကြားသင့်သည့် ကိုယ်စားလှယ်အစုအဖွဲ့တွင် ပါဝင်ကာ ဖွဲ့စည်းပုံဆိုင်ရာ အကြံပြုချက်များကို အခြားအပစ်ခတ်ရပ်စဲထားသည့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များနှင့်အတူ ညီလာခံကော်မရှင်သို့ တင်ပြခဲ့ရာ အသိအမှတ်မပြု ပယ်ချခြင်း ခံခဲ့ရ သည်။ 

ထို့နောက်ပိုင်းတွင် ညီလာခံသို့တက်ရောက်နေသည့် ကိုယ်စားလှယ်အဆင့်မှ လျှော့ချကာ လေ့လာသူအဖြစ်သာ စေလွှတ်ခဲ့ပြီး စစ်အစိုးရက ယခုနှစ် ဧပြီ (၉) ရက်နေ့တွင် ဖွဲ့စည်းပုံ အခြေခံဥပေဒ ဆန္ဒခံယူပွဲကျင်းပမည်ဟု ကြေညာပြီးနောက်ပိုင်းတွင်လည်း ကန့်ကွက်မဲထည့်ရန် မွန်ပြည်သူများအား တိုက်တွန်းခဲ့သည်။ 

စစ်အစိုးရအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အပစ်ခတ်ရပ်စဲပြီးနောက် ပိုင်း အမျိုးသားညီလာခံအတွင်း အဆိုပါအဖွဲ့များ၏ ဒီမိုကရေစီရေးနှင့် တိုင်းရင်းသားတို့၏ တန်းတူရေးဆိုင်ရာ တင်ပြချက်များကို အကြိမ်ကြိမ်ငြင်းပယ်ခဲ့ပြီး ယခု တဖက်သတ် အတည်ပြု သည်ဆိုသည့် အခြေခံဥပဒေကို ရေးဆွဲခဲ့သည်။ 

ယခုကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပေဒေ အတည်ပြုကြောင်း ကြေညာလိုက်သည့်အတွက် အခြား အပစ်ခတ်ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများသည်လည်း မိမိတို့ အမျိုးသားပြည်သူဘက်မှ ရပ်တည်ရန် နိုင်အောင်မငေးက တိုက်တွန်းပြောဆိုခဲ့ရာ “အခြား တိုင်းရင်းသားတွေအနေနဲ့လည်း ပြတ်ပြတ်သားသား၊ ရဲရဲဝံ့ဝံ့နဲ့ ပြည်သူဘက်က ရပ်တည်ဖို့ လိုပါတယ်၊ ပြည်သူဘက်၊ အမှန်တရားဘက်မှာ မားမားမတ်မတ် ရပ်တည်ပြီး ပြည်သူ့အကျိုး စီးပွားကို ဖော်ဆောင်ဖို့ ကျနော်တို့ အကြံပြုချင်တယ်”ဟု ပြောဆိုသွားခဲ့သည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com