|
မွန်ပြည်သစ်ပါတီက ကန့်ကွက်မဲပေးရန်
တိုက်တွန်း
ရိုးမ ၃။ မေ
၁၊ ၂၀၀၈
စစ်အစိုးရပြုလုပ်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေး ဆန္ဒခံယူပွဲတွင်
မွန်ပြည်သူများ အနေဖြင့် ကန့်ကွက်မဲပေးရန် ယနေ့
တိုက်တွန်းနှိုးဆော်လိုက်သည်။
စစ်အစိုးရက
ဆန္ဒခံယူပွဲအား ထောက်ခံမဲပေးရန် အပစ်ခတ်ရပ်စဲထားသည့် တိုင်းရင်းသား
လက်နက်ကိုင်အင်အားစုများအပေါ် ဖိအားပေးနေစဉ် မွန်ပြည်သစ်ပါတီ၏
ကန့်ကွက်မဲပေးရေး တိုက်တွန်းချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
အမျိုးသားညီလာခံတွင် ရေးဆွဲခဲ့သည့် အခြေခံဥပဒေမှာ စစ်ဗိုလ်များနှင့်
စိတ်တိုင်းကျ ရွေးချယ် ထားသည့် ကိုယ်စားလှယ်များ ရေးဆွဲထားခြင်းဖြစ်ကာ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် နိုင်ငံရေးပါတီကိုယ်စားလှယ်
အနည်းငယ်သာ ပါဝင်ခွင့်ရခဲ့ပြီး တိုင်းရင်းသားခေါင်းဆောင်များနှင့်
အပစ်ခတ်ရပ်စဲရေးအဖွဲ့များ၏ တင်ပြချက်များသည်လည်း အမျိုးသားညီလာခံတွင်
အကြိမ်ကြိမ် ပယ်ချခံခဲ့ရသည်ဟု တိုက်တွန်းချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့်
စစ်အစိုးရပြုလုပ်မည့် ဖွဲ့စည်းပုံမူကြမ်းအတည်ပြုရေး ပြည်လုံးကျွတ်
ဆန္ဒခံယူပွဲတွင် မွန်ပြည်သူလူထုများအနေဖြင့် ကန့်ကွက်မဲထည့်ကြရန်
မွန်ပြည်သစ်ပါတီက နှိုးဆော်တိုက်တွန်း လိုက်သည်ဟု ဖော်ပြထားသည်။
မွန်ပြည်သစ်ပါတီသည် စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲပြီးနောက်
အမျိုးသားညီလာခံသို့ တက် ရောက်ခဲ့ကာ ၂၀၀၄ ခုနှစ်နောက်ပိုင်း
အပစ်ခတ်ရပ်စဲထားသည့် တိုင်းရင်းသားအဖွဲ့အစည်းများ စုပေါင်း၍
ဒီမိုကရေစီနှင့် တိုင်းရင်းသားအခွင့်အရေးများကို တင်ပြတောင်းဆိုခဲ့ရာ
စစ်အစိုးရက ပယ်ချခဲ့ပြီးနောက် ညီလာခံသို့ လေ့လာသူအဖြစ်သာ
အဆင့်လျှော့ချ၍ တက်ရောက်ခဲ့သည်။
ယခုထုတ်ပြန်တိုက်တွန်းချက်နှင့်ပတ်သက်၍ မွန်ပြည်သစ်ပါတီ၏
ဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်ဖြစ်ကြောင်း
ပါတီဝင်တဦးက အတည်ပြုပြောဆိုသည်။ |