Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

ဒုက္ခသည်များကို ပစ္စည်းများပြ၍ ထောက်ခံမဲထည့်ခိုင်း 

ရိုးမ ၃။ မေ ၂၃၊ ၂၀၀၈ 

လေဘေးဒုက္ခသည်များအား နိုင်ငံတကာမှလှူဒါန်းသည့် ပစ္စည်းများပြ၍ ထောက်ခံမဲထည့်လျှင် ပေးမည်ဟုဆိုကာ ရန်ကုန်တွင် ကြိုတင်မဲများ ကောက်ယူနေလျှက်ရှိသည်။ 

ရန်ကုန်တိုင်းမှူးအမိန့်ဖြင့် ရွှေပြည်သာမြို့နယ်၊ ထန်းခြောက်ပင် (ည)ရပ်ကွက်ရှိ လေဘေး ဒုက္ခသည်များထံမှ ယမန်နေ့ ညနေပိုင်းတွင် စတင်ကာ ကြိုတင်မဲကောက်ယူနေခြင်းဖြစ်သည်။ 

ထိုကဲ့သို့ ကြိုတင်မဲကောက်ယူနေမှုနှင့်ပတ်သက်၍ ထန်းခြောက်ပင် (ည)ရပ်ကွက်တွင် နေထိုင် သူတဦးက “သူတို့ပြောတာက မင်းတို့အမှန်ခြစ်ရင် ဒီပစ္စည်းတွေပေးမယ်ဆို ပြောတာ၊ အမှန် မခြစ်ရင်တော့ မပေးဘူးဆိုပြီး ပစ္စည်းတွေကို ပြပြီး ပြန်ယူသွားတာ၊ နောက် အစိုးရက ကယ်ဆယ်ရေးပစ္စည်းတွေကို ဖြန့်ဝေပေးနေတဲ့အကြောင်းတွေ ပြောဆိုသွားတာ၊ မဲတွေက တော့ အကုန်လုံးပါသွားပြီ”ဟု ပြောသည်။ 

ယမန်နေ့ နေလည် (၂) နာရီခန့်တွင် ရန်ကုန်တိုင်း၊ တိုင်းမှူးက ရွှေပြည်သာမြို့နယ်သို့ ရောက်ရှိ လာပြီး သက်ဆိုင်ရာ အာဏာပိုင်များအား တွေ့ဆုံးပြီးနောက် ရာအိမ်မှူး ခင်မောင်သန်းက အိမ်ထောင်စုစာရင်းများအလိုက် တောင်းယူသွားခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောသည်။ 

“ရာအိမ်မှူးခင်မောင်သန်းက အမှန်ခြစ်၊ အမှန်ုခြစ်ဆိုပြီး အကုန်လုံးကို ခြစ်ခိုင်းတာ၊ ပြီးတော့ စာအိတ်ထဲထည့်ပြီး နောက် ပုံးထဲကိုထည့်ယူသွားတာ၊ နေ့လည် (၃) နာရီလောက်မှာ စာရင်း ကောက်သွားတာ၊ ဖွားသီလရှင်တွေကိုတောင် စာရင်းကောက်ပြီးတော့ မဲထည့်ခိုင်းနေတာတွေ လုပ်နေတယ်”ဟု မျက်မြင်တဦးက ပြောသည်။ 

ရွှေပြည်သာမြို့နယ်၊ ထန်းခြောက်ပင် (ည)ရပ်ကွက်တွင် လေဘေးဒုက္ခသည် (၁၇၀၀) ကျော် ရှိပြီး အာဏာပိုင်များက အမှန်ခြစ်ထားသည့်ထောက်ခံမဲများတွင် လက်မှတ်များရေးထိုးစေကာ ဒုက္ခသည်များကို ငွေ ၅၀၀၊ ၁,၀၀၀ ပေးခဲ့ခြင်းများလည်းရှိသည်ဟု ဆိုသည်။ 

ထို့အပြင် ဒုက္ခသည်များကို ဆန်၊ ဆီများ လာရောက်လှူဒါန်းသူများနှင့် အာဏာပိုင်များ အချေအတင် စကားများပြီး စစ်တပ်၊ ရဲနှင့် ကြံ့ဖွံ့များက အလှူရှင် ၅၀ ဦးခန့်ကို ဖမ်းဆီးထား သည်ဟု မျက်မြင်တဦးက ဆိုသည်။ 

“အလှူရှင်တွေရောက်လာပြီး ဆန်ဝေမယ် ဆီဝေမယ်ဆိုတော့ အာဏာပိုင်တွေက သူတို့ကို အပ်လို့ ပြောတယ်၊ မအပ်တဲ့အခါကျတော့ ဒီပစ္စည်းတွေကို လက်မခံနိုင်ဘူးဆိုပြီး အလှူရှင်တွေ ကို ပြန်လွှတ်တယ်၊ အဲမှာ အလှူရှင်တွေက ခင်ဗျားတို့မယုတ်မာနဲ့ ဘာညာဆိုပြီးပြောတော့ သူတို့က ဖမ်းချုပ်ထားလိုက်တာ”ဟု အဆိုပါမျက်မြင်သက်သေက ဆက်လက်ပြောဆိုခဲ့သည်။ 

ရွှေပြည်သာ (၁၀) ရပ်ကွက်နေ ပြည်သူတဦးကလည်း ရယကနှင့် အီးပီစီများက မီးရရှိရေး အတွက် ပြင်ဆင်မှုများ ပြုလုပ်နေပြီး ထောက်ခံမဲပေးရန် ပြောဆိုပုံနှင့်ပတ်သက်၍ “မီးရဖို့က တော်တော်လုပ်ရမယ်၊ မဲထည့်မဲ့နေ့ အလုပ်မရှုတ်ရအောင် ခုကတည်းက ထည့်ဆိုပြီး အမှန်ခြစ် ပြီးသားမဲတွေကို ပြပြီးယူသွားကြတယ်၊ မုန်တိုင်းမလာခင်က မဲပေးမဲ့စာရင်းထဲ ကျနော်ပါတယ်၊ ခုမေးကြည့်တော့ မပါတော့ပြန်ဘူး”ဟု ပြောဆိုသည်။ 

ရန်ကုန်မြို့ရှိ ဒုက္ခသည်များ ခေတ္တာနားခိုနေရာဖြစ်သည့် ကျောင်းများ၊ ဓမ္မာရုံများမှ  လေဘေး သင့်သူများကို အာဏာပိုင်များက မောင်းထုတ်နေရာ ရွှေပြည်သာနှင့် အချို့မြို့နယ်များတွင် ထောက်ခံမဲရရေးအတွက် လုပ်ကိုင်ပုံနှင့်ပတ်သက်၍ ရွှေပြည်သာမှ ဒေသခံတဦးက “ပထမ တော့ မဲပေးမဲ့စာရင်းထဲ ပါတဲ့လူကလွဲပြီး နေလို့မရဘူးဆိုပြီး စာရင်းမပါတဲ့လူကို မောင်းထုတ် တယ်၊ ကျောင်းပြန်ဖွင့်တော့မှာလို့ အကြောင်းပြပြီးတော့လည်း မောင်းတယ်၊  ခုရက်ပိုင်း ကျတော့ ထောက်ခံမဲထည့်ရင် နေခွင့်ပြုမယ်ဆိုပြီး ပြောလာပြန်တယ်”ဟု ပြောဆိုသွားခဲ့သည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com