Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

ဒုက္ခသည်သိန်းချီရှိနေပြီး အစားအသောက်အခက်အခဲ ရေအခက်အခဲတို့ကြောင့် ၀မ်းရောဂါများဖြစ်ပွားနေ 

ဖြိုးကြီး။ မေ ၂၁၊ ၂၀၀၈ 

ဘိုကလေးမြို့ပေါ်တွင် ကျေးရွာများမှရောက်ရှိနေသည့် ဒုက္ခသည်များ သိန်းချီရှိနေပြီး အစားအသောက်မလောက်ငမှုနှင့် ရေအခက်ခဲတို့ကြောင့် ၀မ်းရောဂါများ ဖြစ်ပွားနေသည်။ 

စစ်အစိုးရအာဏာပိုင်များပေးသည့် ထောက်ပံ့မှုများ မလုံလောက်သည့်အပြင် ဒုက္ခသည်များမှာ အမိုးအကာမရှိဘဲနေရသဖြင့် ယခုကဲ့သို့ ကျန်းမာရေးအခြေနေများ ဆိုးရွားလာခြင်းဖြစ်ကြောင်း ဘိုကလေးမြို့ပေါ် (၄) ရပ်ကွက်တွင် နေထိုင်သူတဦးက ပြောဆိုခြင်းဖြစ်သည်။ 

ဒုက္ခသည်များ၏ ကျန်းမာရေးအခြေနေနှင့်ပတ်သက်၍ “အမိုးအကာမရှိတဲ့အတွက် စားဝတ်နေ ရေးကိစ္စက တော်တော် အခက်အခဲဖြစ်နေတယ်၊ သောက်ရေပေါ့၊ ကလေးငယ်တွေ ဝမ်းပျက် ဝမ်းလျှောကတော့ မြို့ပေါ်မှာ နဲနဲ နည်းတယ်၊ တောဘက်ကတက်လာပြီး ဒုက္ခသည်စခန်းမှာ လာနေတဲ့လူတွေကျတော့ အိမ်သာက သုံးလေးလုံးလောက်ပဲရှိတော့ အိမ်သာမှာပဲ မသွားနိုင် ဘဲနဲ့ ကြုံရာမှာပဲသွားလိုက်ကြတော့ ၀မ်းပျက်ဝမ်းလျှောတွေ ဖြစ်နေတယ်”ဟု ပြောသည်။ 

သက်ဆိုင်ရာအာဏာပိုင်များက ယာယီမိုးကာတဲများ၊ အစားသောက်နှင့် ဆေးဝါးများကို ထိထိရောက်ရောက် ပေးဝေခြင်းမရှိသည့်အတွက် ရန်ကုန်-ဘိုကလေးကားလမ်းတလျှောက် လမ်းဘေးတွင် ဒုက္ခသည်များမှာ တဲများထိုး၍ နေထိုင်နေရသည်ဟု ၎င်းက ဆက်ပြောသည်။ 

“ဘိုကလေးအစွန်ဘက် ဧရာတို့ ဘာတို့ဘက်မှာဆိုရင် ရဟတ်ယာဉ်နှစ်စီးသုံးစီးနဲ့ တခါပဲ လာ တယ်၊ နောက်ထပ်ပေးတာ မရှိတော့ဘူး ဒီနေ့ထိ၊ ယာယီတဲတွေပေးတယ်ဆိုတာ ဘိုကလေး မြို့ပေါ်မှာ တလုံးမှမတွေ့ဘူး၊ လုံးဝမပေးဘူး၊ အာဏာပိုင်တွေလည်းသွားလာနေတာ တွေ့နေ တာဘဲ၊ ဘာမှကို မလုပ်ပေးတာ၊ အာဏာပိုင်အဖွဲ့စည်းတွေကဝေခြမ်းတာ လုံလုံလောက်လောက် ဘာမှမတွေ့ဘူး”ဟု အဆိုပါမြို့ခံက ဆက်လက်ပြောသည်။ 

ဒုက္ခသည်များအတွက် လာရောက်လှူဒါန်းသည့် အလှူရှင်များကို အာဏာပိုင်များဘက်က တားဆီးမှုများ ယနေ့ထိရှိနေပြီး ပျောက်ဆုံးသွားသည့် မိသားစုဝင်များကို ရှာဖွေရန်အတွက် ဘိုကလေးအောက်ဘက်သို့ သွားရောက်ခွင့်ကိုလည်း ပိတ်ပင်ထားသည့်ဟု ဆိုသည်။ 

ဘိုကလေးမြို့ပေါ်သို့ ၀န်ကြီးချုပ် ဗိုလ်ချုပ်သိန်းစိန် ရောက်လာသော်လည်း မည့်သည့် အကူအညီမျှ ပေးသွားခြင်းမရှိဘဲ ဒုက္ခသည်များကို “မင်းတို့ပြည်သူတွေ ဒီအချိန်မှာ မခိုးကြနဲ့၊ မ၀ှက်ကြနဲ့၊ ခိုးရင်ဝှက်ရင် ဖမ်းမယ်၊ တကယ်လို့ မင်းတို့စားစရာမရှိရင် အုန်းပင်ကို လက်ညှိုး ထိုးပြပြီးတော့  အုန်းသီးစား၊ အုန်းရေသောက်လို့” ပြောဆိုခဲ့သည်ဟု မြို့ခံက ဆက်ပြောသည်။ 

ဘိုကလေးအောက်ဘက် ကျေးရွာများတွင်လည်း လူသေအလောင်းများမှ လက်ဝတ်လက်စား များကို ပဲ့ထောင်စက်လှေများဖြင့် လိုက်လံချွတ်ယူမှုများရှိနေပြီး နေအိမ်များမှ ပစ္စည်းများကို တက်ယူကာ အချို့ရွာများတွင် လုယက်မှုများ ဖြစ်ပွားနေသည်ဟု ၎င်းက ဆက်လက်ပြောဆို သည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com