|
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်လူငယ်များ ဖမ်းဆီးခံရ
ဖြိုးကြီး။
မေ ၂၇၊ ၂၀၀၈

ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ်ပေးရန် လမ်းလျှောက်ချီတက်
ဆန္ဒပြတောင်းဆိုခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်လူငယ်များကို
အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။
ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှ
စတင်ချီတက်လာသည့် အဖွဲ့ချုပ်ဝင်လူငယ် (၁၈) ဦးအား
နှင်းဆီးကုန်းဘိုးဘွားရိပ်သာအနီးတွင် ယနေ့နေလည် (၁) နာရီခွဲခန့်က
ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။
“ဆိုင်းဘုတ်တခုကို
နှစ်ယောက်က ရှေ့ကကိုင်သွားတာ၊ ဒေါ်အောင်ဆန်းစုကြည်အိမ်ဘက်ကို ချီတက်သွားတာ၊ သူတို့ နှင်းဆီကုန်းဘိုးဘွားရိပ်သာ
အတက်မှာ ကားနဲ့တင်သွားကြတာ”ဟု မျက်မြင်သက်သေတဦးက ပြောသည်။
၎င်းအဖွဲ့ချုပ်ဝင်လူငယ်များက “ဒေါ်အောင်ဆန်းစုကြည် ချက်ချင်းလွှတ်”ဆိုသည့်
ကြွေးကြော်သံ များကို
အော်ဟစ်သွားကြစဉ် အာဏာပိုင်များဘက်မှ ကားများ၊
ဆိုင်ကယ်များဖြင့် လိုက်လာကာ ကားနံပါတ် ကက/၁၂၂၄ (၁၀၅) ဒိုင်နာကားပေါ်သို့ အတင်းအကြမ်း ဆွဲတင်ကာ ခေါ်ဆောင် သွားခြင်းဖြစ်သည်ဟု
အဆိုပါမျက်မြင်က ဆက်လက်ပြောသည်။
အဆိုပါဖမ်းဆီးခံရသူများမှာ ဆရာဦးအောင်ဖေ၊ ကိုမင်းမင်း၊ ပြည့်ပြည့်၊
သက်နိုင်ထွန်း၊ မောင်စန်း (ခ) စန်းနိုင်၊ မျိုးကျော်ဇင်၊ ကျော်နိုင်၊
ကိုထွန်းဝင်းသိန်း၊ ကိုရန်နိုင်ထွန်း၊ ကိုလှမိုးနိုင်၊
ကိုကျော်မျိုးနိုင်၊ ကိုသက်စိုးလင်း၊ စောပြည့်ဖြိုးမောင်၊
ကိုဝင်းမြင့်မောင်နှင့် မထက်ထက်ဦးဝေ တို့ဖြစ်ပြီး ကျန်သုံးဦး၏အမည်များကို မသိရှိရသေးပေ။
ထိုကဲ့သို့ ဖမ်းဆီးနေမှုများနှင့်ပတ်သက်၍ အရပ်သားတဦးက “ဒါ မတရား
ဖမ်းဆီးခံရတယ်လို့ပဲ မြင်တယ်၊ ငြိမ်းချမ်းစွာပဲ
သူတို့သွားကြတာ၊ ကားပေါ်ကို အတင်းကြီးကို ဆွဲတင်တာဆိုတော့ တော်တော်ကို
မတရားလုပ်နေတာ”ဟု ပြောသည်။
ယခုကဲ့သို့ (NLD)ပါတီဝင်များအား ဖမ်းဆီးမှုဖြစ်ပေါ်ခဲ့ပြီးနောက်
ယနေ့ညနေနှောင်းပိုင်းတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်အား
စစ်အစိုးရက နေအိမ်အကျယ်ချုပ် သက်တမ်း နောက်ထပ်
(၆) လ ထပ်မံတိုးမြှင့်လိုက်ကြောင်း ဘီဘီစီ ကမ္ဘာတလွှား
ရုပ်သံ အစီအစဉ်မှ ထုတ်လွှင့်ကြေညာသွားခဲ့သည်။ |