|
ပြည်သူကိုကာကွယ်စောင့်ရှောင့်ရန် သံဃာ့တပ်ပေါင်းစုက
သံဃာတော်များအားတိုက်တွန်း
ဗထူး။ မေ ၁၊
၂၀၀၈
စစ်အစိုးရပြုလုပ်သည့် ဆန္ဒခံယူပွဲတွင် ကန့်ကွက်မဲပေးသည့် ပြည်သူ ဒါယကာ
ဒါယိကာမများ ရှေ့မှ မားမားမတ်မတ် ရပ်တည်ကာကွယ်ပေးရန် သံဃာ့တပ်ပေါင်းစုက
ယနေ့ သံဃာတော် များအား တိုက်တွန်းလိုက်သည်။
မေလ (၁၀)
ရက်နေ့တွင်ပြုလုပ်မည့် ဆန္ဒခံယူပွဲတွင်
ကန့်ကွက်မဲထည့်ရေးလှုံ့ဆော်နေခြင်းအား စစ်အစိုးရက နည်းအမျိုးမျိုးဖြင့်
ကန့်သတ်ပိတ်ပင် အကြမ်းဖက်မှုများကို ပြုလုပ်နေခြင်းကြောင့် ယခုကဲ့သို့
ကြေညာချက်ထုတ်ပြန်ကာ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။
ယနေ့နေ့စွဲဖြင့်ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် စစ်အစိုးရအနေဖြင့်
ထောက်ခံမဲရရှိရေး အတွက် သတင်းစာ၊ ရေဒီယို၊ ရုပ်သံများမှလည်းကောင်း၊
လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဝန်ထမ်းများအား ထောက်ခံမဲထည့်ရန်
အဓမ္မဖိအားပေးခြင်းများ လုပ်ကိုင်နေသလို တဖက်မှ လည်း ပြည်သူများအား
ကန့်ကွက်မဲထည့်ရန် စည်းရုံးလှုပ်ရှားခွင့်များကို ပိတ်ပင်ကာ ကိုယ်ထိ
လက်ရောက် ခြိမ်းခြောက်ခြင်းနှင့် ဥပဒေမဲ့ဖမ်းဆီးခြင်းများကို
ပြုလုပ်နေသည်ဟုဆိုသည်။
သံဃာတော်များအား ဖိနှိပ်မှုများနှင့်ပတ်သက်၍လည်း “သံဃာတော်များအား
ကားပေါ်မှ ဆွဲချခြင်း၊ ရန်ကုန်မြို့တွင်းနှင့် တန်ခိုးကြီးဘုရားများသို့
သွားလာခွင့်မပြုခြင်း၊ တရားခံများပမာ သံဃာတော်များအား
စစ်အစိုးရလက်ကိုင်တုတ်များက စောင့်ကြည့်ခြင်းများ ပြုလုပ်နေသည်မှာ
တနေ့ထက်တနေ့ ပိုမိုဆိုးဝါးလာနေသည်”ဟု ဖော်ပြထားသည်။
ယခုကျင်းပမည့် စစ်အစိုးရရေးဆွဲသည့် အခြေခံဥပဒေ အတည်ပြုနိုင်ခဲ့ပါက
စစ်အာဏာရှင်များ မင်းမူချင်းတိုင်း မင်းမူခွင့်ရပြီး
တိုင်းတာ၍မရနိုင်အောင် ဒုက္ခများကို ပြည်သူများ ခံစားကြရမည် ဖြစ်သဖြင့်
ဘာသာ သာသနာအား ကာကွယ်စောင့်ရှောက်သောအားဖြင့်လည်းကောင်း၊ မြန်မာ
ပြည်သူ ဒါယကာ၊ ဒါယိကာမများ ကန့်ကွက်မဲအား ကြောင့်ကြမဲ့ လွတ်လပ်စွာ
ပေးနိုင်ရေး အတွက် မိမိတို့သီတင်းသုံးသော အရပ်ဒေသများရှိ
ပြည်သူများဘက်မှ မားမားမတ်မတ် ရပ်တည်ပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ
သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက သံဃာတော်များအား တိုက်တွန်းထားသည်။
|