Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

အင်းစိန်ထောင်ရှိ နိုင်ငံရေးအကျဉ်းသားများ ညှဉ်းပန်းနှိပ်စက်ခံနေရ 

ရိုးမ ၃။ မေ ၂၈၊ ၂၀၀၈ 

အင်းစိန်ထောင်တွင် ဖမ်းဆီးချုပ်နှောင်ခံနေရသည့် နိုင်ငံရေးအကျဉ်းသားများ ညှဉ်းပန်းနှိပ်စက် ခံနေရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ယမန်နေ့ နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်သည်။  

ယခုလ (၁၀) ရက်နေ့တွင် အင်းစိန်ထောင်ရှိ အာဏာပိုင်များက အမှတ် (၅) အဆောင်မှ နိုင်ငံရေးအကျဉ်းသား ၆ ဦးအား အလုပ်လုပ်ရန်ငြင်းဆန်သည်ဟူသော အကြောင်းပြချက်ဖြင့် အပြင်းအထန်ရိုက်နှက်ကာ ခြေချင်းခတ် တိုက်ပိတ်ထားခဲ့သည်ဟု ယင်းကြေညာချက်တွင် ဖော်ပြထားသည်။  

တိုက်ပိတ်ချုပ်နှောင်ခံရသည့် နိုင်ငံရေးအကျဉ်းသားများမှာ သင်္ဃန်းကျွန်းမြို့နယ်အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးတင်မြ၊ ရွှေပြည်သာအန်အယ်လ်ဒီအဖွဲ့ဝင် ဦးမြင့်ထွန်း၊ အဖွဲ့ဝင် ကိုသန့်ဇော်၊ ဦးဓမ္မိက (ခ) ဦးထွန်းထွန်း၊ ဦးကျော်နှင့် ကေအန်ယူအဖွဲ့ဝင် ကိုစောနိုင်တို့ဖြစ်သည်။ 

ထို့အပြင် နိုင်ငံရေးအကျဉ်းသူ အမျိုးသမီးများသည်လည်း မသန့်ရှင်းသည့်ရေများကိုသာ အသုံးပြုနေရပြီး ကျန်းမာရေးအတွက် လိုအပ်သည့်ဆေးဝါးကုသမှုများ မရရှိကြောင်း အေအေပီပီက ပြောသည်။  

နာဂစ်မုန်တိုင်းတိုက်ခတ်စဉ်အတွင်း ထောင်တွင်းဆူပူမှုကို ထောင်အာဏာပိုင်များက အကြမ်းဖက် နှိမ်နင်းပစ်ခတ်ခဲ့သဖြင့် အကျဉ်းသား ၃၆ ဦး သေဆုံးခဲ့ပြီး ၇၀ ကျော် ဒဏ်ရာရခဲ့ သည်။ 

ယင်းကိစ္စနှင့်ပက်သက်၍ အကျဉ်းသား ၉၈ ဦးကို တိုက်ပိတ်စစ်ဆေးမှုများ ပြုလုပ်သဖြင့် နိုင်ငံရေးအကျဉ်းသားတဦးဖြစ်သည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ကိုဉာဏ်လင်းအောင်သည် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြ ထားသည်။  

စစ်အာဏာပိုင်များအနေဖြင့် နိုင်ငံရေးအကျဉ်းသားများကို နည်းမျိုးစုံဖြင့် ညှဉ်းပန်းနှိပ်စက်ခြင်း များ ပြုလုပ်နေသည့်အပြင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်သက်တမ်း (၁) နှစ် ထပ်မံတိုးလိုက်ကြောင်း ယမန်နေ့က ကြေညာခဲ့သည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com