|
စစ်တပ်ကိုယ်ကျိုးအတွက် ဒေသခံများ
ခိုင်းစေခံနေရ
ဖြိုးကြီး။
မတ် ၁၀၊ ၂၀၀၈
နအဖစစ်တပ်က
ဒေသခံရွာသားများကို ကိုယ်ကျိုးစီးပွားအတွက် အတင်းအကြပ် လုပ်အားပေး
ခိုင်းစေမှုများ ပြုလုပ်လျှက်ရှိသည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၂၈၉) ခြေလျင်တပ်ရင်းမှ
ဗိုလ်ကြီး နေလင်းအောင်ဦးဆောင်၍ ရွာသားများကို မတ်လ (၃) ရက်နေ့မှစတင်၍
နေ့စဉ်ခေါ်ယူကာ အလုပ်ခိုင်းစေနေခြင်းဖြစ်သည်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မရစ်ကျေးရွာအုပ်စုအတွင်းမှ ဆမီ၊ နွမ်ဘူး၊
စစ်ချိန်ဝနှင့် စတင်ဝကျေးရွာများမှ နေ့စဉ် လူ ၈၀ ဦးကို
တပ်ရင်းကိုယ်ကျိုးစီးပွား စိုက်ပျိုးရေးစီမံကိန်း လုပ်ငန်းများနှင့်
တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများတွင် ခိုင်းစေလျှက်ရှိသည်။
“ကျနော်တို့အိမ်ကနေ ထမင်းထုတ်တွေ ယူသွားရတယ်၊ မနက် (၈) နာရီကနေစပြီး
ညနေအထိ လုပ်ပေးရတာ၊ လုပ်အားခလည်း ပေးတာမဟုတ်ဘူး၊ နောက်ပြီး
သူတို့စစ်တပ်ခြံစည်းရိုးကာဖို့ ဝါးတွေသစ်တွေလည်း ပို့ပေးရတယ်၊ သူတို့က
တောင်စောင်းစိုက်ပျိုးရေးအတွက်ဆိုပြီး မြေရိုင်းတွေကိုလည်း
ရှင်းခိုင်းတာတွေလဲရှိတယ်”ဟု ဆမီကျေးရွာသားတဦးက ဆိုသည်။
၎င်းရွာများသည်
ကုလားတန်မြစ်အထက်ပိုင်းရှိ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် ဆက်စပ်နေ
သော နေရာတွင် တည်ရှိပြီး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နှင့်
ရခိုင်ပြည်နယ်ရှိ ကုလားတန် မြစ်ကမ်းတလျှောက် စစ်အစိုးရ စီမံကိန်းများအရ
မကြာမီ ရေနံပိုက်လိုင်းများ သွယ်တန်းမည် ဖြစ်ကြောင်း
အာဏာပိုင်များနှင့်နီးစပ်သည့် အသိုင်းဝိုင်းက ဆိုသည်။
စစ်အစိုးရက
ရေနံနှင့် သဘာဝဓါတ်ငွေ့ ထွက်ရှိရာ ဒေသတလျှောက်ရှိ ကျေးရွာများအား အဓမ္မ
ပြောင်းရွှေ့ခြင်း၊ အခမဲ့ လုပ်အားပေးခိုင်းစေခြင်း၊
လုံခြုံရေးအတွက်အကြောင်းပြကာ စစ်စခန်း များ တည်ဆောက်ရာတွင်
ကျေးရွာသားများအား အဓမ္မ ခိုင်းစေခြင်းများကို အမြဲမပြတ် လုပ်ဆောင်ကာ
လူ့အခွင့်အရေး ချိုးဖောက်နေဆဲပင်ဖြစ်သည်။ |