|
အရွယ်မရောက်သေးသူ ကလေးစစ်သားတဦး
မိဘနှင့်ဆက်သွယ်သော်လည်း ထွက်ခွင့်မရ
ရိုးမ ၃။
မတ် ၁၃၊ ၂၀၀၈

ရန်ကုန်တိုင်း ဒလမြို့နယ်မှ စစ်သားအဖြစ် အဓမ္မ စုဆောင်းခြင်းခံရသူ
ကလေးစစ်သား မောင်ဆန်း လင်းသည် မိဘများနှင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့
သော်လည်း စစ်တပ်မှထွက်ခွင့်မရပဲ ရှိနေသည်။
ပြီးခဲ့သည့်နှစ် စက်တင်ဘာလက ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊
သီရိမင်္ဂလာဈေးမှ ဈေးဝယ် အပြန်တွင် မောင်ဆန်းလင်းအား
စစ်တပ်မှဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။
မောင်ဆန်းလင်းသည် ၁၉၉၁ ခုနှစ် မွေးဖွားသူဖြစ်ပြီး စစ်တပ်မှ
အဓမ္မစစ်မှုထမ်းရန် ဖမ်းဆီးချိန် တွင် အသက် (၁၆)နှစ်ကျော်သာရှိသေးပြီး
ပြီးခဲ့သည်နှစ် စက်တင်ဘာလ ၁၁ ရက်နေ့ ည (၁၀) နာရီတွင်
ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။
မောင်ဆန်းလင်းပျောက်ဆုံးသွားခဲ့ပြီးနောက် အဆိုပါလ ၁၄ ရက်နေ့တွင်
စစ်သားစုဆောင်းရေး တပ်တွင် ရောက်ရှိနေသဖြင့် လာရောက်ခေါ်ယူရန်
ဖခင်ဖြစ်သူ ဦးလှငွေ၏ အမဖြစ်သူထံ ဖုန်းဆက်အကြောင်းကြားခဲ့သည်ဟု ဆိုသည်။
“ကိုလှငွေနဲ့ မခင်မာဝင်းတို့က ဒညင်းကုန်းစစ်သားစုဆောင်းရေးတပ်ကို
လိုက်သွားတော့ ဂိတ်စောင့်နေတဲ့ တပ်သားအဆင့်ရှိတဲ့ ကျော်မင်းဆိုတဲ့လူက
ပြောတယ်။ ဒါနဲ့ရွှေပြည်သာက တပ်ရင်းမှာစုံစမ်းတော့လည်း မရှိဘူးလို့
ပြောတယ်” ဟု မိသားစုနှင့် နီးစပ်သူတဦးက ဆိုသည်။
မောင်ဆန်းလင်းသည် ကျောင်းသားတဦးဖြစ်ပြီး ရန်ကုန်တိုင်း၊ ဒလမြို့နယ်၊
ဆာပါချောင်း၊ မင်းရဲကျော်သူလမ်း၊ အမှတ်(၁၁၉၆)တွင် အဖ ဦးလှငွေ၊ အမိ
ဒေါ်ခင်မာဝင်းတို့နှင့်အတူ နေထိုင် သူဖြစ်သည်။
ထို့နောက်
၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာဆန်းပိုင်းတွင် ဒညင်းကုန်းစစ်သားစုဆောင်းရေးတပ်မှ
တပ်ကြပ်ကြီးကျော်ဝင်း၏ ပြောဆိုချက်အရ အမှတ်(၁)
တိုင်းဗဟိုလေ့ကျင့်ရေးတပ် ဂျိုးဖြူ- တိုက်ကြီးတွင်
သင်တန်းတက်ရောက်နေကြောင်းသိရှိရ၍ သားဖြစ်သူနှင့် မိဘများ (၄) ကြိမ်တွေ့
ခဲ့ရသည်ဟုဆိုသည်။
ကလေးစစ်သား
မောင်ဆန်းလင်းမှ မိဘများနှင့် အကြိမ်ကြိမ်ဆက်သွယ်ကာ စစ်တပ်မှ
လာရောက်ခေါ်ယူရန် ဆက်သွယ်ခဲ့သည့်အခြေအနေကို မိသားစုနှင့်နီးစပ်သူတဦးက
“သင်တန်း ကျောင်းမှာ နောက်ဆုံးတွေ့ရတဲ့အချိန်က သင်တန်းဆင်းတဲ့ ဒီနှစ်
ဖေဖော်ဝါရီလ (၁)ရက်နေ့က၊ အဲ့ဒီလပဲ (၇)ရက်နေ့ကျတော့ ကလေးက ဘူတာကြီးက
ဖုန်းဆက်လာတယ်၊ စစ်ကိုင်းတိုင်း ဟုမ္မလင်းက ခလရ(၅၂) မှာ တာဝန်ကျတယ်၊
မနက်(၅)နာရီကို ရထားထွက်မယ်၊ အဲ့ဒါဘူတာ ကြီးမှာ လာခေါ်ဖို့ပြောသေးတယ်”
ဟုဆိုသည်။
စစ်အစိုးရက
အရွယ်မရောက်သေးသူကလေးငယ်များအား စစ်သားအဖြစ် နေရာအနှံ့တွင် ဆက်
လက်စုဆောင်းနေသော်လည်း ၎င်းတို့ဖွဲ့စည်းထားသည့် အရွယ်မရောက်သေးသူများကို
စစ်မှု ထမ်းဆောင်ခြင်းမှ ကာကွယ်တာဆီးရေးကော်မတီကမူ အသက်မပြည့်သူနှင့်
ဆန္ဒမပါသူများကို စစ်သားအဖြစ် တာဝန်ထမ်းဆောင်ခြင်းမပြုကြောင်း
နိုင်ငံတကာသို့ ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံအတွင်း အဓမ္မလုပ်အားပေးခြင်းကို စောင့်ကြည့်လေ့လာနေသည့်
အပြည်ပြည်ဆိုင် ရာ အလုပ်သမားအဖွဲ့ချုပ် (ILO)က မြန်မာနိုင်ငံအတွင်း
စုံစမ်းစစ်ဆေးရန်တနှစ်ထပ်မံ သက်တမ်းတိုးလိုက်ပြီး
ပြီးခဲ့သည့်တနှစ်အတွင်း (ILO)ရုံးသို့ ရောက်ရှိလာသည့် တိုင်စာများမှာ
အဓမ္မပြည့်တန်ဆာအဖြစ်အလုပ်ခိုင်းမှု (၄)မှုနှင့် အဓမ္မစစ်မှုထမ်းစေမှု
(၁၁)မှုသာ ရှိခဲ့ပြီး အဆိုပါ တိုင်စာအများစုကို
သာမာန်အလုပ်ခိုင်းစေမှုများသာ ဖြစ်သည်ဟု ဖော်ပြထားသည်။
“သားဖြစ်တဲ့လူက အဖေဖြစ်တဲ့ ကိုလှငွေဆီကို ဟုမ္မလင်းကိုရောက်တော့လည်း
ထပ်ဖုန်းဆက် တယ်၊ တပ်ကနေလာခေါ်ပေါ့နော်၊ မိဘတွေ စိတ်ဒုက္ခရောက်နေကြတယ်၊
ခုတော့ အသက် မပြည့်သေးတဲ့ သူတို့သားကို တပ်ကနှုတ်ထွက်ခွင့်ရဖို့
သက်ဆိုင်ရာတွေကို တိုင်ထားတာ ခုထိ တော့ ထွက်ခွင့်ရပြီလို့ကို
မကြားသေးဘူး” ဟု အဆိုပါ မိသားစုနှင့် နီးစပ်သူက ဆိုသည်။
စစ်အစိုးရသည် စစ်တပ်အင်အားဖြည့်တင်းရေးအတွက်
စစ်သားသစ်စုဆောင်းမှုများကို နည်း အမျိုးမျိုးဖြင့် ပြုလုပ်လျှက်ရှိရာ
မြို့နယ်နှင့် ကျေးရွာအလိုက် ခွဲတမ်းစံနစ်ဖြင့် စုဆောင်းခြင်း အပါအ၀င်
အထက်ပါကဲ့သို့ အရွယ်မရောက်သေးသူများကို အဓမ္မစစ်မှုထမ်းဆောင်ရန် ဖမ်းဆီး
မှုများ ဆက်လက်ကျူးလွန်နေဆဲဖြစ်သည်။
အရွယ်မရောက်သေးသည့် စစ်သားငယ်များ နယ်စပ်ဒေသသို့ စစ်ဆင်ရေးနယ်မြေများမှ
၎င်းတို့ တပ်များကို စွန့်ခွာထွက်ပြေးမှုများ ယခုနှစ်အတွင်း
ပိုမိုများပြားလာလျှက်ရှိရာ ကလေးငယ်များ အား
အဓမ္မစစ်မှုထမ်းဆောင်ခိုင်းခြင်းသည် သာမာန်အလုပ်ခိုင်းစေမှုမျိုး မဟုတ်ပေ။ |