|
လုံထိန်းရဲများနှင့် ဘုရားဂေါပကတို့
ခိုက်ရန်ဖြစ်ပွား
ဖြိုးကြီး။
မတ် ၁၀၊ ၂၀၀၈
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဒေသခံဘုရားဖူးဧည့်သည်များနှင့်
လုံခြုံရေးရဲများ ခိုက်ရန်ဖြစ်ပွား ခဲ့ရာ သက်ဆိုင်ရာ အာဏာပိုင်များက
ဘုရားဂေါပကကို ဖမ်းဆီးသွားခဲ့ပြီး နှစ်ရက်အကြာတွင် ပြန်လွှတ်ပေးခဲ့သည်။
ယခုလ (၅)
ရက်နေ့တွင် စစ်တွေမြို့ရှိ “ဘုရားများရှင်တော်” ဘုရားတွင် အဓိကရုဏ်း
နှိမ်နင်း ရေး လုံထိန်းရဲများက ဘုရားဝန်းအတွင်းသို့
အရက်သောက်စားပြီးနောက် ပြည့်တန်ဆာမများကို ခေါ်လာခဲ့သောကြောင့်
ဒေသခံများနှင့် အချေအတင် စကားများကြရာမှ စတင်ခဲ့ခြင်း ဖြစ်သည်။
လုံထိန်းရဲများသည် ဗုဒ္ဓဘာသာဓလေ့များကို ဆန့်ကျင်ပြီး
ဘုန်းကြီးကျောင်းဝင်း၊ ဘုရားဝင်း အတွင်းသို့ မကောင်းသည့်မိန်းမများကို
ခေါ်ဆောင်လာခြင်းကို မလုပ်ရန်နှင့် ဘာသာရေးအရ ခွင့်မပြုနိုင်ကြောင်း
ပြောဆိုရာ ၎င်းတို့က ဘုရားဂေါပက ဦးထွန်းအောင်( အသက်-၅၄နှစ်)ကို
ဖမ်းဆီးလိုက်သည်။
ထိုသို့ဖမ်းဆီးသွားခြင်းနှင့် ပတ်သက်၍ “ဘုန်းကြီးအပါး(၂၀)လောက်ရှိတယ်၊
ရဲစခန်းကိုသွားပြီး ဂေါပကလူကြီး ဦးထွန်းအောင်ကို ပြန်လွှတ်ပေးဖို့နဲ့
ဘုန်းကြီးကျောင်းဝင်းထဲက လုံထိန်းတပ် တွေ အမြန်ဆုံးထွက်ခွာပေးဖို့
သွားတောင်းဆိုတာ အဲဒါကို မယက လူကြီးတွေက ဆန္ဒပြမှုတွေ ဖြစ်လာမှာစိုးလို့
ဦးထွန်းအောင်ကို ပြန်လွှတ်ပေးမယ်ဆိုပြီး ပြောတယ်၊ မတ်လ (၇)ရက်နေ့ကျ
တော့ အချုပ်ကနေ ပြန်လွှတ်ပေးခဲ့တယ်” ဟု မျက်မြင်သက်သေ တဦးက ပြောသည်။
“ဘုရားများရှင်တော်” ဘုရားသည် စစ်တွေမြို့၏ ရှေးဟောင်းနေရာတခုဖြစ်သော
ရွှေစေတီ ဘုန်းတော်ကြီးကျောင်းအနီး ကုံတန်ရပ်ကွက်ထဲတွင်တည်ရှိပြီး
ပြီးခဲ့သည့်နှစ် စက်တင်ဘာ ဆန္ဒပြပွဲကို နအဖစစ်တပ်မှနှိမ်နင်းပြီးနောက်
စစ်တွေမြို့သို့ လုံထိန်းတပ်ခွဲကို ပို့ထားခဲ့ခြင်း ဖြစ်ကာ
ဘုန်းကြီးကျောင်းနှင့် ဘုရားသို့ လာသူများကို စောင့်ကြည့်ရန်
ဘုရားဝင်းအတွင်း၌ နေရာချထားခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ် စစ်တွေနှင့်တောင်ကုတ်မြို့ရှိ ပြည်သူနှင့်သံဃာများသည်
၂၀၀၇ ခုနှစ် စက်တင်ဘာလက ဖြစ်ပွားခဲ့သည့် လှုပ်ရှားမှုများတွင်
တက်ကြွစွာပါဝင်ခဲ့ရာ ဒေသဆိုင်ရာ အာဏာပိုင်များအနေဖြင့်
အဆိုပါဒေသများတွင် စစ်အစိုးရ ဆန့်ကျင်ရေးလှုပ်ရှားမှုများ
ပေါ်ပေါက်လာမည်ကို စိုးရိမ်လျှက်ရှိသည်။ |