Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

တိုင်းမှူးအမိန့်ဖြင့် အဓမ္မစစ်သားစုဆောင်းမှုများ ပြုလုပ်

ဖြိုးကြီး။ မတ် ၁၁၊ ၂၀၀၈

ရခိုင်ပြည်နယ် မောင်းတောမြို့နယ်ရှိ ကျေးရွာများတွင် တိုင်းမှူးအမိန့်ဖြင့် တရားဝင်ညွှန်ကြားစာ ပေးပို့ပြီး အဓမ္မစစ်သားစုဆောင်းမှုများ လုပ်ဆောင်လျှက်ရှိသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်မောင်ရှိန်က ယခုလ(၈)ရက်နေ့တွင် မြို့နယ်(၄)မြို့နယ်မှ အာဏာပိုင်များထံသို့ ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

“အသက်(၁၈)နှစ်ပြည့်ပြီးသား လူငယ်(၄၀၀)လိုတယ်၊ အခုဟာက မြို့နယ်(၄) မြို့နယ်ကို တိုက်ရိုက် အမိန့်ထုတ်ထားတာ၊ ကျနော်တို့မြို့နယ်က စစ်သားသစ်(၁၀၀) ပေးရမယ်၊ အခုလ ကုန်အရောက် စစ်သင်တန်းအတွက် ပို့ပေးရမယ်ဆိုပြီး တိုင်းမှူးက အမိန့်ထုတ်ထားတယ်” ဟု အမည်မဖော်လိုသူ မောင်းတောမြို့နယ် မယက ၀န်ထမ်းတဦးက ဆိုသည်။

ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဍားကျွန်းနှင့် မောင်းတောမြို့နယ်များမှ စစ်သင်တန်းအတွက် တပ်သားသစ်များကို  မတ်လ(၃၁)ရက်နေ့ နောက်ဆုံးထား၍ စုဆောင်းပေးရန် ညွှန်ကြားထား သည်။

၎င်းညွှန်ကြားချက်ကြောင့် မောင်းတောမြို့နယ်၊ ဘောလီကျေးရွာအုပ်စုတွင် ဘူးသီးတောင်မြို့မှ လာရောက်သည့် ဗိုလ်မှူးအဆင့်ရှိသူ တဦးနှင့် စစ်တပ်အရာရှိ(၈)ယောက်တို့သည် စစ်သင်တန်း အတွက် ရိုဟင်ဂျာ လူငယ် (၆၀)ဦးကို စစ်တပ်ထဲဝင်ရန် အတင်းအကြပ် ဖိအားပေးလုပ်ဆောင်ခဲ့ သည်။

အခြားအနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အပိုင် နယ်မြေအတွင်း၌ရှိသော အန်းမြို့နယ်တွင်လည်း စစ်သားစုဆောင်းမှုများ ခိုင်းစေလျှက်ရှိပြီး အရံမီးသတ်အဖွဲ့ဝင်များ၊ ကြံ့ဖွတ်အဖွဲ့ဝင်များနှင့် ပြည်သူ့စစ်များကိုမူ ချန်လှပ်ထားရမည်ဟု တိုင်းမှူးက အမိန့်ပေးထားသည်။

စစ်အစိုးရအနေဖြင့် စစ်တပ်အားအင်အားဖြည့်တင်းရန် တပ်သားသစ်အမြောက်အများ လိုအပ် နေသဖြင့် စစ်တိုင်းအလိုက် သတ်မှတ်စစ်သားဦးရေ ပြည့်မှီအောင်ဖြည့်တင်းရေးကို ကာကွယ် ရေးဝန်ကြီးဌာနမှ ယခင်နှစ်များကပင် အမိန့်ထုတ်ပြန်ထားခဲ့သည်။

ထိုကဲ့သို့ အမိန့်ထုတ်ပြန်ထားခြင်းကြောင့် စစ်တိုင်းလက်အောက်ခံတပ်ရင်းတပ်ဖွဲ့များ အနေဖြင့် သတ်မှတ်ထားသည့် စစ်သားသစ်ခွဲတမ်းပြည့်မှီရန်အတွက် အတင်းအဓမ္မ စစ်သားစုဆောင်းမှု များကို ပြုလုပ်ခဲ့ရာ အရွယ်မရောက်သေးသူ ကလေးသူငယ်မြောက်မြားစွာ နှစ်စဉ် အဓမ္မစစ်မှု ထမ်းဆောင်ခြင်း ပြုလုပ်ခံနေကြရသည်။

ယခုအခါ စစ်သားစုဆောင်းမှုသည် လူကုန်ကူးမှု တခုသဖွယ်ဖြစ်နေပြီး တပ်သားသစ်စုဆောင်း ရေးတွင် လူပွဲစားများပင်ရှိနေပြီး တဦးအတွက် မြန်မာကျပ်ငွေ (၃၀၀၀၀)သောင်းရရှိကာ မိဘ များက စစ်တပ်မှ ပြန်လည်ထုတ်ယူလိုပါက ကျပ်ငွေ (၃၀၀၀၀) မှ တသိန်း ပတ်ဝန်းကျင်အထိ ဈေးပေါက်လျှက်ရှိသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org