|
ထိုင်းနှင့်အင်ဒိုနီးရှားက
စစ်အစိုးရလမ်းပြမြေပုံကို ထောက်ခံသည်ဟုဆို
ဉာဏ်မောင်။ မတ် ၂၇၊ ၂၀၀၈
ထိုင်းနှင့်
အင်ဒိုနီးရှားနှစ်နိုင်ငံခေါင်းဆောင်များက စစ်အစိုးရရေးဆွဲထားသော
ဒီမိုကရေစီရေး လမ်းပြမြေပုံကို ထောက်ခံကြောင်း ပြောဆိုလိုက်သည်။
အင်ဒိုနီးရှားသို့
နှစ်ရက်ကြာသွားရောက်ခဲ့သော ထိုင်းနိုင်ငံဝန်ကြီးချုပ်
စမတ်ဆန်န္ဒရာဗက်နှင့် အင်ဒိုနီးရှားသမ္မတ ဆူဆီလိုဘမ်ဘန်ယူဒိုယိုနိုတို့
အစိုးရနန်းတော်တွင် တွေ့ဆုံပြီးနောက် ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင်
ဗုဒ္ဓဟူးနေ့က ပြောဆိုခဲ့ကြခြင်း ဖြစ်သည်။
ထိုင်းဝန်ကြီးချုပ်က
“ကျွန်တော်တို့ရဲ့အဖွဲ့ဝင်(မြန်မာ)အပေါ် အာစီယံဒေသတွင်းနိုင်ငံများက နား
လည်မှုရှိရန် အကောင်းဆုံးအနေအထားရှိပြီး မြန်မာအစိုးရနှင့်လည်း
တွေ့ဆုံဆွေးနွေးနေရမှာ ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ နှစ်နိုင်ငံက
သဘောတူညီခဲ့ကြပါတယ်” “မြန်မာနိုင်ငံ လက်ရှိ ရင်ဆိုင်နေရတဲ့
စိန်ခေါ်မှုတွေကို အာစီယံနိုင်ငံများအနေနဲ့ အကောင်းမြင်ရှုဒေါင့်က ဘယ်လို
ကူညီဆောင်ရွက်ပေးနိုင်မလဲဆိုတာကို ကျွန်တော်တို့ဆွေးနွေးခဲ့ကြပါတယ်” ဟု
ဆိုသည်။
ထိုင်းနိုင်ငံသည် ယခုနှစ်
ဇူလိုင်လတွင် အာစီယံဥက္ကဌဖြစ်လာမှာဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ
အရေးအတွက် အခြားအာစီယံနိုင်ငံများနှင့်အတူ အာစီယံနိုင်ငံများ
တောင့်တင်းခိုင်မာရန်နှင့် တိုင်းပြည်များဖွံ့ဖြိုးတိုးတက်မှု
လုပ်ကိုင်ဆောင်ရွက်ရာတွင် အနီးကပ်လုပ်ကိုင်ဆောင်ရွက်လျှက် ရှိသည့်
အင်ဒိုနီးရှားနိုင်ငံနှင့်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း
ပြောဆိုခဲ့သည်။
အင်ဒိုးနီးရှားသမ္မတ
ဆူဆီလိုဘမ်ဘန်ယူဒိုယိုနိုက “မြန်မာနိုင်ငံ တည်ငြိမ်ရေး၊ စည်းလုံးညီညွတ်
ရေးအတွက် ဆောင်ရွက်နေတဲ့ လမ်းပြမြေပုံရောက်စေမဲ့ နည်းလမ်းကို
ကျွန်တော်တို့ ကူညီပေး ရပါလိမ့်မယ်၊ အင်ဒိုနီးရှားနိုင်ငံအနေနဲ့
မြန်မာနိုင်ငံမှာ ဒီနှစ်မေလမှာ ပြုလုပ်မဲ့ အခြေခံဥပဒေဆန္ဒ ခံယူပွဲနဲ့
၂၀၁၀ ခုနှစ်တွင် ပြုလုပ်မဲ့အထွေထွေရွေးကောက်ပွဲကို ထောက်ခံပါတယ်၊
အခုအချိန် ဟာဆိုရင် ရွေးကောက်ပွဲလုပ်ငန်းစဉ်ရဲ့ အသွင်ကူးပြောင်းရေးကာလ
ဖြစ်ပါတယ်” ဟု ပြောဆို သည်။
ကုလသမဂ္ဂ အထူးကိုယ်စားလှယ်
မစ္စတာဂမ်ဘာရီက လက်ရှိမြန်မာနိုင်ငံကို အုပ်ချုပ်နေသည့်
စစ်ဗိုလ်ချုပ်များအနေဖြင့် တိုင်းပြည်တွင်
အရပ်သားအုပ်ချုပ်ရေးသို့ပြောင်းလဲခြင်းနှင့် ပတ်သက် ၍
အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့ကို စံပြအတုယူကြည့်ရမည်ဟု
ပြောဆိုခဲ့သည်။
မစၥတာဂမ္ဘာရီ၏
မြန်မာ့အရေးနှင့်ပတ်သက်၍ လုပ်ဆောင်ချက်အပေါ် အမေရိကန်နိုင်ငံ ကုလ သံအမတ်
မစ္စတာဇယ်မေခါလစ်(ဇ်)က “လက်ဆုပ်လက်ကိုင်ပြဖို့ လုပ်ကိုင်လာနိုင်ခဲ့တာ
ဘာမှမရှိ ဘူး” ဟု ပြောဆိုခဲ့သည်။
မြန်မာ့ဒီမိုကရေစီရေးကြိုးပမ်းနေသူများနှင့်
တိုင်းရင်းသားအဖွဲ့အစည်းများကလည်း မစ္စတာ ဂမ်ဘာရီခရီးစဉ်အပေါ်
အားရကျေနပ်မှုမရှိပဲ နိုင်ငံတွင်း နိုင်ငံရေးအရပြုပြင်ပြောင်းလဲရန်
အတွက် အင်အားစုအားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှု
ဖြစ်ပေါ်လာရေးအပေါ်အာရုံစိုက်ပြီး မကြာခင် စစ်အစိုးရပြုလုပ်မည့်
ဆန္ဒခံယူပွဲအား ဆန့်ကျင်သွားရန် လှုံ့ဆော်လျှက်ရှိသည်။
ယနေ့ကျရောက်သည့် (၆၃)နှစ်မြောက်
တပ်မတော်နေ့အခမ်းအနားတွင်လည်း စစ်အစိုးရ အကြီးအကဲက
ရွှေးကောက်ပွဲပြီးလျှင် တက်လာသည့် အရပ်သားအစိုးရထံအာဏာအပ်မည်ဟု
ပြောကြားခဲ့သော်လည်း စစ်အစိုးရတဖက်သတ်ရေးဆွဲထားသည့် ဖွဲ့စည်းပုံအရ
ရွေးကောက်တင် မြှောက်လိုက်သည့် အရပ်သားအစိုးရဆိုသည်ကို
မေးခွန်းထုတ်စရာဖြစ်နေပေသည်။ |