|
နှစ်နိုင်ငံအကြား
ရေလယ်ကျွန်းတွင် ဗုံးတလုံးအားဖျက်ဆီးဖောက်ခွဲခဲ့
ရိုးမ ၃။ မတ် ၆၊ ၂၀၀၈
ထိုင်း-မြန်မာနယ်စပ်
ချစ်ကြည်ရေးတံတားအောက်တွင် ယနေ့နံနက်ပိုင်း မြန်မာစံတော်ချိန်
(၁၀း၁၅) မိနစ်ခန့်တွင် ဗုံးပေါက်ကွဲမှု တခုဖြစ်ပွားခဲ့သည်။
ထိုင်း-မြန်မာနှစ်နိုင်ငံကြား
ရေလယ်ကျွန်းတွင်နေထိုင်သော မူးယစ်ဆေးရောင်းဝယ်သူများကို
နှစ်နိုင်ငံပူးပေါင်း၍ ၀င်ရောက်ဖမ်းဆီရာ မူးယစ်ဆေးရောင်းဝယ်သူများက
ပါလာသော လက်ပစ် ဗုံးဖြင့် ထိုင်းလုံခြုံရေးကင်းတဲကို လှမ်းပစ်ရာ
မပေါက်ကွဲသဖြင့် အမှိုက်များပုံ၍ မီးရှို့ကာ ဖောက်ခွဲခဲ့ခြင်းဖြစ်သည်။
နှစ်ဖက်ရဲတပ်ဖွဲ့ဝင်များက
ဝင်ရောက်နှိမ်နင်းစဉ် ၎င်းတို့က ထိုင်းနိုင်ငံဖက်သို့ ထွက်ပြေးလာပြီး
နှစ်ဦးမှာ ဖမ်းဆီးရမိပြီးကျန်သုံးဦးမှာ
ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ အခင်းဖြစ်ပွားချိန်တွင်
နှစ်နိုင်ငံချစ်ကြည်ရေး တံတားကိုခဏပိတ်ထားပြီး
ယခုပြန်လည်ဖွင့်ပေးလိုက်သည်။
ဖမ်းဆီရမိသောသူနှစ်ဦးမှာ
မြ၀တီအမှတ်(၁) ရပ်ကွက်တွင်နေထိုင်သော အသက် ၃၀ ၀န်းကျင် ရှိ
လက်ကောက်ဆိုသူနှင့် အခြားတဦးဖြစ်သည်။ ၎င်းတို့သည်နှစ်နိုင်ငံနယ်ကြားရှိ
ရေလယ်ကျွန်း တွင် လာရောက်နေထိုင်ကြပြီး မူးယစ်ဆေးဝါး
ရောင်းဝယ်နေကြသူများ ဖြစ်သည်။
၎င်းတို့ထံတွင် နောက်ထပ်လက်ပစ်ဗုံး ၃
လုံးရှိသေးပြီး အဆိုပါဗုံးများကို မြန်မာဖက်ကမ်းတွင်
သိမ်းဆည်းထားကြောင်းကို ထွက်ဆိုခဲ့သည်။
မကြာခင်ရက်ပိုင်းတွင်းကလည်း
၎င်းရေလယ်ကျွန်းတွင် ဗုံးပေါက်ကွဲမှုတခုဖြစ်ပွားခဲ့ပြီး ယခု
တကြိမ်ပေါက်ကွဲမှုသည် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ယခင်ပေါက်ကွဲမှုသည်
မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် ပတ်သက်သည်ကိုမူ အတိအကျ မသိရှိရပေ။
ထိုင်းမြန်မာနယ်စပ် မြ၀တီ-မဲဆောက်တွင်
မကြာခဏ မူးယစ်ဆေးရောင်းဝယ်သူများကို ထိုင်း ရဲတပ်ဖွဲ့ဝင်များက
ဖမ်းဆီးရခဲ့ပြီး ယခုရောင်းဝယ်သူများထံမှ မူးယစ်ဆေးဝါးများ မတွေ့ရှိရ
ကြောင်း သတင်းများကဆိုသည်။ |