|
စာရွက်စာတမ်းများမအပ်က
ကျောင်းထုတ်မည်ဟု ခြိမ်းခြောက်
ဗထူး။ မတ်
၂၀၊ ၂၀၀၈
စစ်အစိုးရပြုလုပ်မည့် ဆန္ဒခံယူပွဲအား ကန့်ကွက်မဲပေးရန်လှုံ့ဆော်စာများ
မအပ်နှံပါက သက်ဆိုင် ရာကျောင်းများမှ ထုတ်ပယ်ခံရမည်ဟု
တက္ကသိုလ်ကျောင်းသားများအား အာဏာပိုင်များက ခြိမ်းခြောက်နေသည်။
ယခုရက်ပိုင်းအတွင် တက္ကသိုလ်နယ်မြေအချို့တွင် လက်ကမ်းစာစောင်
စာအုပ်များပြန့်နှံ့ခဲ့သဖြင့် စစ်အစိုးရက ယခုကဲ့သို့ကျောင်းသားများအား
ခြိမ်းခြောက်ဖိအားပေးနေခြင်းဖြစ်သည်
“ဒဂုံတက္ကသိုလ်မှာဆို အခန်းတိုင်းမှာ စာရွက်တွေဖြန့်ဝေတဲ့
လှုပ်ရှားမှုတွေရှိနေတယ်။ ဆရာ/မ တွေကတဆင့် လက်ထဲမှာရှိတဲ့
စာရွက်စာတမ်းတွေကို အပ်ခိုင်းတယ်၊ မအပ်ဘူး။ လက်ဝယ် တွေ့ရှိရင်
ကျောင်းထုတ်မယ်ဆိုတဲ့အထိကို ပြောတာ” ဟု ဒဂုံတက္ကသိုလ်ကျောင်းသားတဦးက
ဆိုသည်။
စစ်အစိုးရအနေဖြင့် တဖက်သတ်ရေးဆွဲထားသည့် ဖွဲ့စည်းပုံအတည်ပြုနိုင်ရေးကို
ပြုလုပ်လျှက်ရှိ ရာ ရန်ကုန်မြို့နေရာအနှံ့အပြားတွင်
လုံခြုံရေးတိုးမြှင့်ချကာ စောင့်ကြည့်မှုများ ပြုလုပ်နေသည် ဟု ဆိုသည်။
“စစ်ကားတွေပေါ်မှာ တပ်ကတော့ မဟုတ်ဘူး၊ ရဲဝတ်စုံတွေနဲ့
လက်နက်အပြည့်အစုံနဲ့ ရပ်ကွက် တွေထဲအထိ လှည့်ပြီးစောင့်ကြည့်နေတာ၊
ကျောင်းသားလှုပ်ရှားမှုကလည်းရှိနေတော့ စိုးရိမ်နေ ပုံရတယ်” ဟု
ရန်ကုန်မြို့ခံ တဦးကဆိုသည်။
ရန်ကုန်အရှေ့ပိုင်း/အနောက်ပိုင်း တက္ကသိုလ်နှင့် ကျောင်းများတွင်
အဆိုပါဆန့်ကျင်ရေး စာရွက် စာတမ်းများ ပြန့်နှံ့နေပြီး ကန့်ကွက်မဲပေးရန်
နိုးဆော်မှုများလူထုအကြားတွင် ပြန့်နှံ့နေသည်ဟု ဆိုသည်။ |