|
ရွေးကောက်ပွဲပြီးလျှင် အာဏာလွှဲပေးမည်ဟု
တပ်မတော်အကြီးအကဲ ပြောဆို
ရိုးမ ၃။ မတ် ၂၇၊ ၂၀၀၈
မေလတွင်ပြုလုပ်မည့် ဆန္ဒခံယူပွဲမှ
အတည်ပြုထွက်ပေါ်လာမည့် အခြေခံဥပဒေအသစ်အရ
အထွေထွေရွေးကောက်ပွဲပြုလုပ်ပြီးနောက် အရပ်သားအစိုးရကို
စစ်တပ်မှအာဏာလွှဲပြောင်း ပေးမည်ဖြစ်ကြောင်း တပ်မတော်အကြီးအကဲက ဆိုသည်။
စစ်အစိုးရဗိုလ်ချုပ်မှူးကြီးသန်းရွှေက
ယနေ့နံနက် နေပြည်တော်တွင် ပြုလုပ်သော စစ်ရေးပြ အင်အား
(၁၃,၀၀၀)ကျော်ပါဝင်သည့် (၆၃)နှစ်မြောက် တပ်မတော်နေ့
အခမ်းအနားမိန့်ခွန်းတွင် ထည့်သွင်းပြောကြားလိုက်ခြင်း ဖြစ်သည်။
စက်တင်ဘာလူထုလှုပ်ရှားမှုကို
အကြမ်းဖက်ရက်ရက်စက်စက်ဖြိုခွင်းခဲ့သော စစ်အစိုးရက “မိမိ
တို့တပ်မတော်အနေဖြင့် သမိုင်းပေးတာဝန်များကို ကျေပွန်အောင်မြင်စွာ
ထမ်းဆောင်ပေးလျှက် ရှိပြီး ဒီမိုကရေစီစနစ်သို့ နည်းမှန်လမ်းမှန်ဖြင့်
ချီတက်လျှက်ရှိရာ အနာဂတ်နိုင်ငံတော်သစ် အတွက်
အခြေခံအဆောက်အအုံကောင်းများလည်း တည်ဆောက်ပြီးစီးနေပြီ ဖြစ်ကြောင်းနှင့်
တိုင်းပြည်သည် အကောင်းဆုံးတည်ငြိမ်လျှက်ရှိပြီး ပြည်သူများသည်လည်း
ငြိမ်းချမ်းစွာဖြင့် ပုံမှန်အတိုင်း လုပ်ကိုင်စားသောက်
နေထိုင်လျှက်ရှိကြသည်” ဟု ဆက်လက်ပြောကြားခဲ့သည်။
၂၀၀၈ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၉)ရက်နေ့က
ရေးဆွဲပြီးစီးခဲ့သော ၎င်းအခြေခံဥပဒေကို မေလ တွင် ပြည်သူလူထုက
ဆန္ဒခံယူပွဲဖြင့် အတည်ပြုပေးရမည်ဖြစ်ပြီး ၂၀၁၀ ခုနှစ်တွင် ကျင်းပမည့်
အထွေထွေရွေးကောက်ပွဲအရ ပါလီမန်ကိုယ်စားလှယ်များဖြင့် ဒီမိုကရေစီအရပ်သား
အစိုးရသစ် ကို ဖွဲ့စည်းပေးရမည်ဖြစ်ကြောင်းကိုလည်း ထည့်သွင်းပြောဆိုသည်။
၂၀၀၅ ခုနှစ်၊ နိုဝင်ဘာလမှ စတင်၍
မြန်မာနိုင်ငံ၏မြို့တော်ကို ရန်ကုန်မြို့မှ နေပြည်တော်သို့
ပြောင်းရွှေ့ခဲ့ပြီး နောက်ပိုင်း ယနေု့ပြုလုပ်သည့် တပ်မတော်နေ့
စစ်ရေးပြအခမ်းအနားသည် တတိယအကြိမ်မြောက်ဖြစ်သည်။
စစ်အစိုးရအနေဖြင့်
ဒီမိုကရေစီအင်အားစုများနှင့် တိုင်းရင်းသားလူမျိုးစုများ၏ သဘောထားများ
ပါဝင်ခြင်းမရှိသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုနိုင်ရန် မေလတွင်
လူထုဆန္ဒခံယူပွဲ ပြုလုပ်ရန် စီစဉ်နေလျှက်ရှိရာ အဆိုပါလုပ်ရပ်အား
ဆန့်ကျင်သည့်လှုပ်ရှားမှုအများအပြား ပြည်တွင်းတွင် ဖြစ်ပေါ်လျှက်ရှိသည်။
နအဖ
စစ်အစိုးရအုပ်ချုပ်ခဲ့ပြီးနောက်ပိုင်း စီးပွားရေးအခြေအနေများ
ကျဆင်းခဲ့ပြီး ပြီးခဲ့သည့်နှစ် စက်တင်ဘာက စစ်အစိုးရဆန့်ကျင်ရေး
သံဃာနှင့်ပြည်သူလှုပ်ရှားမှုကြီး ဖြစ်ပေါ်ပြီးနောက်ပိုင်း တိုင်းပြည်တွင်း
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး မတည်ငြိမ်မှုမှာ
အဆိုးဝါးဆုံးဆိုက်ရောက်နေ သည့်အချိန်တွင် စစ်အစိုးရခေါင်းဆောင်က
ယခုကဲ့သို့ စစ် ရေးပြအခမ်းအနားတွင် ပြောဆိုလိုက် ခြင်းဖြစ်သည်။ |