Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ရိုဟင်ဂျာလူမျိုးများကို ယာယီမှတ်ပုံတင်များ လုပ်ဆောင်ပေးလျှက်ရှိ

ဖြိုးကြီး။ မတ် ၄၊ ၂၀၀၈

မောင်းတောမြို့နယ် လူဝင်မှုကြီးကြပ်ရေး (လ၀က)၀န်ထမ်းများက ရိုဟင်ဂျာလူမျိုးစုများကို ယခုလ (၁)ရက်နေ့မှ စတင်၍ ယာယီမှတ်ပုံတင်များ အမြန်လုပ်ဆောင်ပေးလျှက်ရှိသည်။

မေလတွင် ပြုလုပ်ကျင်းပမည့် နအဖစစ်အစိုးရ၏ အခြေခံဥပဒေဆန္ဒခံယူပွဲတွင် မဲပေးနိုင်ရန် အတွက် ယခုကဲ့သို့ လုပ်ဆောင်ပေးနေခြင်းဖြစ်သည်။

မောင်းတောမြို့နယ်တွင်းရှိ ရပ်ကွက်၊ ကျေးရွာ(ရယက)လူကြီးများက လာမည့်မေလ မတိုင်ခင် (၁၈)နှစ်ပြည့်ပြီးသည့် သူများကို စာရင်းများကောက်၍ လဝကရုံးသို့ ပေးပို့ရပြီး ဓါတ်ပုံရိုက်ရန် အတွက် ရွာသားများထံမှ တဦးလျှင် ကျပ်၂၀၀၀ိ/ ကောက်ယူနေသည်။

“ရွာဥက္ကဌက ကျနော်တို့ကို ဆင့်ခေါ်တယ်လေ၊ မင်းတို့ကို မှတ်ပုံတင်လုပ်ပေးမယ် အဲဒါဓါတ်ပုံ ရိုက်ဖို့ ပိုက်ဆံပေးရမယ်လို့ ပြောတယ်၊ မင်းတို့ကို အခုလိုလုပ်ပေးတာ ရွေးကောက်ပွဲမှာ မဲပေးရ အောင်လို့လုပ်ပေးတာလို့ ရယက စာရေးကပြောတယ်” ဟု ဖားဝပ်ချောင်းကျေးရွာ ရွာသား တဦးကဆိုသည်။

မြန်မာစစ်အစိုးရက ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ဆန္ဒခံယူပွဲဆိုင်ရာ ဥပဒေအရ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ တိုင်းရင်းသားနှင့် ယာယီမှတ်ပုံတင်ကိုင်ဆောင်ထားသူများသည် ဆန္ဒခံယူပွဲ မတိုင်မီ တရက်အလိုတွင် (၁၈)ပြည့်ပြီးသူများသာ မဲပေးခွင့်ရှိပြီး နှစ်ရှည်ထောင်ဒဏ် ကျခံနေ ရသူများ၊ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်များမှာ မဲပေးခွင့်မရှိဟု ပြဌာန်းကြေညာခဲ့သည်။

ရွေးကောက်ပွဲကျင်းပရာတွင် ပြည်သူလူထုက လွတ်လွတ်လပ်လပ်နှင့် တရားမျှတစွာ အများမြင် သာသော နေရာတွင်ရှိသည့် မဲပုံးများအတွင်းသို့ လျှို့ဝှက်စွာမဲပေးနိုင်ပြီး မဲများကိုလည်း မဲရုံပိတ် သည်နှင့်တပြိုင်နက် မဲပေးသူများထဲမှ အနည်းဆုံး(၁၀)ဦး အထက်ပုဂ္ဂိုလ်များက ရေတွက်မည် ဖြစ်သည်ဟု ကြေညာထားသည်။

အဆိုပါ အခြေခံဥပဒေ ဆန္ဒခံယူပွဲ ပျက်စီးအောင်ရည်ရွယ်၍သော်လည်းကောင်း၊ အနှောက် အယှက်ဖြစ်အောင် ကြိုးပမ်းအားထုတ်သည့် ပြည်သူများအား ဟောပြောခြင်း၊ လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းများလုပ်ဆောင်ပါက ထောင်ဒဏ်(၃)နှစ်အထက် သော်လည်းကောင်း၊ ဒဏ်ငွေကျပ်တစ်သိန်းထက်ပိုသော ပမာနကိုလည်းကောင်း ပေးဆောင်ရမည်၊ သို့မဟုတ် ပြစ်ဒဏ်(၂)မျိုးစလုံးကျခံရမည် ဖြစ်သည်။

၎င်းအခြေခံဥပဒေသစ်အတွက် အမျိုးသားညီလာခံကို ၁၉၉၃ ခုနှစ်မှစတင်ပြီး ၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် ပြီးဆုံးခဲ့သည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ (၃)ရက်နေ့တွင် မူကြမ်းရေးဆွဲ နိုင်ခဲ့ပြီး ဆယ်စုနှစ်ကျော်ရှည်လျားခဲ့သည့် အမျိုးသားညီလာခံမှ ချမှတ်ထားခြင်း ဖြစ်သည်။

အမျိုးသားညီလာခံတွင် ကိုယ်စားလှယ်(၁၀၀၀)ကျော်ပါဝင်ပြီး အစိုးရနှင့်အပစ်အခတ်ရပ်စဲထား သော အဖွဲ့များ၊ တိုင်းရင်းသားများပါဝင်သော ကိုယ်စားလှယ်(၈)ဖွဲ့ ပါဝင်ခဲ့သည်ဟု စစ်အစိုးရ သတင်းဌာနများက ဆိုသော်လည်း ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူက ရွေးချယ်ခဲ့သည့် ကိုယ်စားလှယ်အများစု ပါဝင်ခဲ့ခြင်း မရှိပေ။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org