|
လက်အောက်ငယ်သားကို
အဓမ္မပြုကျင့်သည့် အထက်အရာရှိကို အရေးယူစစ်ဆေးလျှက်ရှိ
ဖြိုးကြီး။ မတ် ၂၄၊ ၂၀၀၈
မြို့နယ်(မယက)ဥက္ကဌက မယကရုံး စာရေးမကို
အဓမ္မပြုကျင့်ခဲ့သည့်အတွက် သက်ဆိုင်ရာ အထက်အာဏာပိုင်များက ဖမ်းဆီးစစ်ဆေး
အရေးယူဆောင်ရွက်မှုများ ပြုလုပ်လျှက်ရှိသည်။
မောင်းတောမြို့နယ်၊ မယကဥက္ကဌ
ဦးမြင့်မောင်သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ
ဝန်ထမ်းစာရေးမအား ကိုယ်ထိလက်ရောက်
ကာမအရာကျူးလွန်ခဲ့ခြင်းကြောင့် ၎င်းအမှုကို
စုံစမ်းစစ်ဆေးရန်အတွက် ပြည်နယ်အုပ်ချုပ်ရေး အာဏာပိုင်များက ယခုလ
(၁၈)
ရက်နေ့တွင် စတင်ဆောင်ရွက်နေခြင်း ဖြစ်သည်။
အခင်းဖြစ်ပွားပြီးနောက် ခရိုင်(ခယက)
ဥက္ကဌ ဦးလှဝင်းအမိန့်ဖြင့် အဓမ္မပြုကျင့်ခံရသည့် အမျိုးသမီးအား အလုပ်မှထုတ်ပစ်ခဲ့ပြီး
အမှုကိုဖုံးကွယ်ရန် ကြိုးစားရာမှ လူအများသိရှိသွားပြီး ယခုကဲ့သို့
အရေးယူဆောင်ရွက်ခဲ့ ခြင်းဖြစ်သည်။
မောင်းတောမြို့နယ်၊
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အမည်မဖော်လိုသူ ၀န်ထမ်းတဦးက “ဒီလ ၁၈
ရက်နေ့ထဲက စစ်တွေက လူကြီးတွေရောက်လာတယ်၊ မှုခင်းသတင်းတပ်ဖွဲ့က အရာရှိ
တွေရယ် တခြားဌာနက အရာရှိတွေလည်းပါတယ် ဒီကိုရောက်လာတယ်။ ပြဿနာက
ကာယကံ ရှင်ကို အလုပ်ထုတ်လိုက်တဲ့ (ခယက) ဥက္ကဌပါ ပတ်သက်နေတယ်။ ကျနော်တို့
တစ်ရုံးလုံး ဝန်ထမ်းတွေကိုလည်း မေးတယ်၊ နောက် ဥက္ကဌနဲ့တွဲနေတဲ့
တခြားဌာနက လူကြီးတွေကိုလည်း စစ်ဆေးနေတယ်။ စစ်ဆေးတာကတော့
ဒါဟုတ်သလားပေါ့၊ မျက်မြင်ဘယ်သူလဲတို့ နောက် ဘယ်နေ့က ဖြစ်တာလဲတို့ပေါ့”
ဟု ပြောသည်။
အထူးသဖြင့် ဦးမြင့်မောင်
ကျူးလွန်သည့်အမှုများကို ခရိုင်(ခယက) ဥက္ကဌဦးလှဝင်းက အမြဲ
တမ်းဖုံးကွယ်ပေးတတ်ပြီး ၎င်းအတွက် လစဉ်ပုံမှန်ငွေကြေးနှင့်
အခြားလက်ဆောင်ပစ္စည်းများ ကို ဦးမြင့်မောင်က
ဖြည့်ဆည်းလုပ်ဆောင်ပေးနေရကြောင်း အဆိုပါဝန်ထမ်းက ဆက်လက် ပြောဆိုသည်။
ကျူးလွန်သူ ဥက္ကဌ ဦးမြင့်မောင်သည်
မောင်းတောမြို့နယ်တွင် စံပြကျေးရွာများကို အကြောင်း ပြကာ
ရိုဟင်ဂျာလူမျိုးများနေထိုင်သည့် ကျေးရွာများတွင် မြေယာများကို အတင်းအဓမ္မ သိမ်းဆည်းခြင်း၊ ငွေကြေးကောက်ခံမှုများ ပြုလုပ်ခြင်း
အစရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှု များကို ကျူးလွန်သည့်အပြင်
မိန်းမရှုပ်ပွေသူတဦးဖြစ်ကြောင်းကို ဒေသခံများက ဆိုသည်။
၎င်း၏ဇနီး ဒေါ်နှင်းလဲ့စိုးသည်လည်း
ဘူးသီးတောင်မြို့နယ်မှ တရားသူကြီးတဦးဖြစ်ပြီး လာဘ်
ပေးလာဘ်ယူမှုများပြုလုပ်ကာ ဘက်လိုက်မှုများရှိကြောင်း ဒေသခံများအကြား
ပြောဆိုနေကြ သည်။ |