|
နအဖစစ်တပ်၏ဖိနှိပ်မှု
အဓမ္မခိုင်းစေမှုများကြောင့် ရွာသားများ တောထဲတွင် ပုန်းအောင်းနေရ
ဖြိုးကြီး။ မတ် ၁၄၊ ၂၀၀၈
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း
နအဖစစ်အစိုးရတပ်များက စစ်စခန်းဆောက်လုပ်ရန် အတွက် ဒေသခံများထံမှ
ပစ္စည်းများကို အဓမ္မသိမ်းယူပြီး ရွာသားများကို လုပ်အားပေးစေခိုင်း
ခြင်းများကြောင့် ထွက်ပြေးနေကြရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းမှ
စတင်၍ ခမရ (၃၅၁)မှ ဗိုလ်ကြီးချစ်သန်းဦးဆောင်၍
စခန်း တဲများဆောက်လုပ်ရန်အတွက်
ကိုးပုကျေးရွာအုပ်စု၊
အောင်စိုးမိုးရွာတွင် ရွာသားပိုင်သစ်၊ ၀ါးများ ကို သိမ်းယူပြီး
ရွာသား(၁၂၀)ခန့်သည် အဓမ္မခိုင်းစေခြင်း
ခံနေရသည်။
ထို့အပြင် ညောင်လေးပင်ခရိုင်၊
ညာမူခီးရွာတွင်လည်း ၂၀၀၇
နှစ်ကုန်ပိုင်းလောက်မှ စတင်၍ နအဖ၊ စစ်ဗျူဟာ(၉)၊ ခမရ (၃၇၇)စစ်တပ်က
ညာမူခီးရွာသို့ရောက်ရှိလာခဲ့ပြီး တပ်စွဲထားသော ကြောင့် ရွာသားများသည်
အသက်အန္တရာယ် ကြောက်ရွှံ့နေရသဖြင့် ယနေ့တိုင် တောထဲသို့ ထွက်ပြေးကြရသည်။
တောထဲတွင်ထွက်ပြေးနေရသူ ရွာသားတဦးက
“အခုလိုဖြစ်တော့ ကျနော်တို့ လယ်ယာတွေ ထွန်ယက်စိုက်ပျိုးလို့ မရတော့ဘူး။
ထွက်ပြေးနေရတယ် စားစရာတွေလည်း ဘာမှပါမလာဘူး လေ၊ အသီးနှံတွေကို
ပြန်သွားယူဖို့ကိုလည်း ကြောက်နေရတယ်၊ ဘာကြောင့်လဲဆိုတော့ နအဖတပ်က
ရွာနားက တောင်ပေါ်မှာ စခန်းချထားတယ်။ စားစရာတွေပြန်ယူနေတုန်း နအဖ
စစ်တပ်က သေနတ်နဲ့လှမ်းပစ်တာ ရွာသားတယောက်လဲ သေသွားတယ်” ဟု ဆိုသည်။
၎င်း ညာမူခီးရွာမှ အိမ်ထောင်စု (၂၁)စုမှ
လူဦးရေ (၁၁၄)ဦးသည် ယခုအခါ အန္တရာယ် အလွန်များစွာဖြင့် တောထဲတွင်
ပုန်းအောင်းနေရပြီး ကလေးငယ်များ ဖျားနာကြကာ မသက်သာသော အခြေအနေဖြင့်
နေထိုင်နေကြရသည်။
နအဖစစ်အစိုးရက ကရင့်အမျိုးသားတပ်မတော်
KNLA စိုးမိုးရာနေရာများရှိ ကျေးရွာများတွင် စစ်စခန်းများ
ဆောက်လုပ်ခြင်း၊ ရွာသားများကို ပေါ်တာခိုင်းစေခြင်း၊ ပစ္စည်းဥစ္စာများကို
သိမ်းယူ ခြင်း၊ အတင်းအဓမ္မ အလုပ်ခိုင်းစေခြင်း အစရှိသည့်
လူ့အခွင့်အရေးချိုးဖောက်မှုများကို လုပ် ဆောင်နေလျှက်ရှိပြီး
ယခု ညောင်လေးပင်ခရိုင်၊ ညာမူခီးရွာတွင် လာရောက်အခြေချ တပ်စွဲထား သော ခမရ
(၃၇၇) ယခင် ခမရ (၄၃၈)၏ နေရာတွင် အစားထိုးဝင်ရောက် နေရာယူထားခြင်း
ဖြစ်သည်။ |