|
ထောက်ခံမဲပေးရန်
ရခိုင်ပြည်နယ်ရှိ အရပ်သားဝန်ထမ်းများအား နအဖ ဖိအားပေး
ဖြိုးကြီး။ မတ် ၂၀၊ ၂၀၀၈
ရခိုင်ပြည်နယ်ရှိ
အရပ်သားဝန်ထမ်းများအား မြန်မာစစ်အစိုးရက ၎င်းတို့စိတ်ကြိုက်ရေးဆွဲထား သည့်
အခြေခံဥပဒေမူကြမ်းကို ထောက်ခံရန်အတွက် အတင်းအကြပ် ဖိအားပေးနေကြောင်း
ဒေသခံများက ပြောသည်။
ရခိုင်ပြည်နယ် မောင်းတောမြို့နယ်တွင်
သက်ဆိုင်ရာ နအဖအာဏာပိုင်များက အရပ်သား
ဝန်ထမ်းများအား
လူထုဆန္ဒခံယူပွဲတွင် ထောက်ခံမဲပေးရန် ပြီးခဲ့သည့် အင်္ဂါနေ့မှစတင်၍
ညွှန်ကြားသည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်မောင်ရှိန်က ယခုလ
(၁၈)ရက်နေ့တွင် မောင်းတောမြို့သို့ ရောက်ရှိလာပြီး
ဒေသဆိုင်ရာအာဏာပိုင်များ၊ ဌာနဆိုင်ရာ အရာရှိများနှင့် အတူ
ဘုန်းကြီးကျောင်းများသို့ သွားရောက်ကာ လှူဒါန်းမှုများပြုလုပ်ခဲ့ပြီး၊
ယင်းနေ့တွင်ပင်
အဆိုပါ ညွှန်ကြားချက် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ဒေသခံဝန်ထမ်းများက ပြောသည်။
ဝန်ထမ်းတဦးက
“သူတို့ကထောက်ခံမဲပေးရမယ်ဆိုပြီးတော့ အတင်းကြီးကိုပြောတာ။ တကယ် လို့
ထောက်ခံမဲ ပေးရမယ်ဆိုရင်
ဒီဆန္ဒခံယူပွဲမတိုင်ခင် အခြေခံဥပဒေမူကြမ်းကို ပြည်သူတွေကို
ပြတာလဲမရှိဘူး၊ အခုထိ မူကြမ်းမိတ္တူကိုတောင် မတွေ့ဘူးကြသေးဘူး” ဟု
ပြောသည်။
မောင်းတောမြို့နယ်တွင် လူထုဆန္ဒခံယူပွဲ
ကြီးကြပ်ရေးကော်မရှင်ကို ရယကဥက္ကဌတဦး၊ ကျောင်းဆရာတဦးနှင့်
(ရယက)စာရေးတဦးအပါအ၀င် အဖွဲ့ဝင်(၃)ဦးဖြင့် ဖွဲ့စည်းထားကြောင်း ၎င်းက
ပြောသည်။
ဒေသခံလူထုများအနေဖြင့်
နအဖအာဏာပိုင်များက ယင်းသို့ ထောက်ခံမဲ အတင်းအကြပ်
ပေးခိုင်းနေမှုပေါ်တွင် မကျေမနပ်ဖြစ်နေကြပြီး၊ အာဏာပိုင်များကလည်း
အခြေခံဥပဒေ ဆန္ဒခံ ယူပွဲကို မည်သည့် ပုံစံနှင့်မဆို
ထောက်ခံမဲများဖြစ်အောင်လုပ်မည့် အခြေအနေရှိနေကြောင်း ယင်းဒေသရှိ
နိုင်ငံရေးလှုပ်ရှားသူတဦးက ပြောသည်။
၎င်းက “ဒီဆန္ဒခံယူပွဲကို
ဘယ်နိုင်ငံတကာ အသိုင်းအဝိုင်းကိုမှ စောင့်ကြည့်လေ့လာခွင့်ပေးမှာ
မဟုတ်ဘူးလို့ ကျွန်တော်တို့သိထားကြတယ်။ ဆန္ဒခံယူပွဲအတွက်
ဘယ်နိုင်ငံတကာကမှ မလာဘူးဆိုရင်လဲ နအဖကဖွဲ့ပေးထားတဲ့
ဒီကော်မရှင်အဖွဲ့ကလည်း ဘယ်နည်းနဲ့ဖြစ်ဖြစ်
ထောက်ခံမဲရအောင်လုပ်သွားမှာပဲ” ဟု ပြောသည်။
မြန်မာနိုင်ငံ၌ ၁၉၄၇ ခုနှစ် နှင့်
၁၉၇၄ ခုနှစ်က ကျင်းပခဲ့သော လူထုဆန္ဒခံယူပွဲများတွင် မဲရုံ
စောင့်ကြည့်ရေး ကော်မရှင်အဖွဲ့ဝင်များသည် အစိုးရဝန်ထမ်းများနှင့်
ကျောင်းသားလူငယ်များ သာ ဖြစ်ကြပြီး မဲရုံအနီးသို့
မည်သည့်နိုင်ငံရေးပါတီဝင်များမှ လာရောက်ခွင့်မရှိကြပေ။ |