|
မဲခေါင်ဒေသဖွံ့ဖြိုးရေး အစည်းဝေးသို့ မြန်မာကိုယ်စားလှယ်များ
တက်ရောက်မည်
ဖြိုးကြီး။ မတ် ၂၀၊ ၂၀၀၈
လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တွင်
ကျင်းပမည့် မဲခေါင်ဒေသဖွံ့ဖြိုးရေး(GMS) ထိပ်သီးအစည်းဝေး သို့
မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များ သွားရောက်မည်ဖြစ်သည်။
ယခုလ ၃၀၊ ၃၁ ရက်နေ့များတွင်
ကျင်းပမည့် တတိယအကြိမ်မြောက် (GMS)အစည်းအဝေးကို မြန်မာစစ်အစိုးရ
ဗိုလ်ချုပ်ကြီးသိန်းစိန် အပါအ၀င် အခြားအစိုးရအဖွဲ့ဝင်များ
တက်ရောက်ကြမည် ဖြစ်သည်။
မြန်မာနိုင်ငံသည်
မဲခေါင်ဒေသတိုးတက်ရေးနှင့် စီးပွားရေးနီးကပ်စွာ
ပူးပေါင်းဆောင်ရွက်မှုများ ကို ပိုမိုလုပ်ဆောင်သွားမည်ဖြစ်ပြီး
မဲခေါင်စီမံကိန်းများထဲမှ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ အတွက် မြန်မာနိုင်ငံ၏
အဓိကနယ်စပ်လမ်းမကြီးများဖြစ်သည့် လားရှိုး-မူဆယ်၊
လားရှိုး-သီပေါ-လွယ်လင်-ကျိုင်းတုံနှင့်
တာချီလိတ်-ကျိုင်းတုံ-မုံလလမ်းတို့ကို အသုံးပြုသွားမည်ဖြစ်သည်။
မြန်မာနိုင်ငံသည်
မဲခေါင်မြစ်အပေါ်ပိုင်းတွင် သုံးနိုင်ငံနှင့်ထိစပ်လျှက်ရှိပြီး ၂၀၀၀
ခုနှစ်၊ ဧပြီလ တွင် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၌ တရုတ်၊ ထိုင်း၊
လာအိုတို့နှင့် စီးပွားရေးပူးပေါင်းဆောင် ရွက်နိုင်ရန်
လက်မှတ်ရေးထိုးခဲ့ပြီး သုံးနိုင်ငံစလုံးမှ ကမ္ဘာလှည့်ခရီးသည်များ
နယ်စပ်တလျှောက် သွားလာနိုင်ရန်အတွက် မြန်မာနိုင်ငံ၊ တာချီလိတ်တွင်
ဝန်ပွန်ဆိပ်ကို ၂၀၀၇ ခုနှစ်၊ဇန္နဝါရီလတွင် တည်ဆောက်ခဲ့ပြီး
လာအိုနိုင်ငံမှ ဘန်မောင်းမွန်ဆိပ်ကို နိုင်ငံတကာအဆင့်မီ တည်ဆောက်ရန်
တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံသည် မဲခေါင်မြစ်ကိုဖြတ်၍
လာအိုနိုင်ငံနှင့်ဆက်သွယ်ရန် တံတားတည်ဆောက်ရေး လုပ်ငန်းကို
စီစဉ်ဆောင်ရွက်လျှက်ရှိပြီး ၎င်းတံတားသည် နှစ်နိုင်ငံကြား ပထမဆုံး ဆက်သွယ်
ဆောင်ရွက်မည့် တံတားဖြစ်ကာ တရုတ်နိုင်ငံ ကူမဲနှင့် ထိုင်းနိုင်ငံ
ချင်းမိုင်ကြားဆက်သွယ်မည့် R-3 လမ်းအစိတ်အပိုင်းနှင့် ဆက်သွယ်မည့်
မြန်မာ-လာအိုနယ်စပ် ကန်ကိုကုန်းအနီးတွင် တည်ရှိသည်။
မြန်မာနိုင်ငံသည် အခြားမဲခေါင်ဒေသ
(၅)နိုင်ငံနှင့် နယ်စပ်ဖြတ်သန်း ကူးသန်းသွားလာခွင့်ကို ၂၀၀၄ ခုနှစ်၊
ဧပြီလတွင် ဖနွမ်းပင်မြို့၌ သဘောတူညီလက်မှတ်ရေးထိုးခဲ့ပြီး R-3
လမ်းအစိတ် အပိုင်းနှင့်အလားတူပင် တရုတ်နိုင်ငံ ကူမဲနှင့် မြန်မာနိုင်ငံ
လားရှိုး၊ ကျိုင်းတုံဆက်သွယ်မည့် R-4 လမ်းအပိုင်းကို
မြန်မာနိုင်ငံတွင်းဖြတ်၍ GMS နိုင်ငံများအတွင်း လက်ခံနိုင်ရန်
စီစဉ်ဆောင်ရွက် နေသည်။
အာရှဖွံ့ဖြိုးရေးဘဏ်မှ ဦးဆောင်၍
မဲခေါင်ဒေသစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ၁၉၉၂
ခုနှစ်မှ စတင်ခဲ့ပြီး မဲခေါင်မြစ်တလျှောက် တရုတ်၊ ကမ္ဘောဒီးယား၊ လော၊
မြန်မာ၊ ထိုင်း နှင့် ဗီယက်နမ်နိုင်ငံတို့သည် များစွာသော GMS
သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ ပြီး ၎င်းတို့တွင်
ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊
ခရီးသွားလုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်း၊ သဘာဝပတ်ဝန်းကျင်နှင့်
လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ စသည်ဖြင့် အပိုင်း (၈)ခုတွင်
စီမံချက်လုပ်ငန်းပေါင်း(၁၀၀)ကို အဖွဲ့ဝင် (၆)နိုင်ငံကြား ဦးစားပေး ၍
ပူးပေါင်းဆောင်ရွက်ကြရန် လက်မှတ်ရေးထိုးထားကြခြင်း ဖြစ်သည်။ |